Monday, January 31, 2011

ထွေးအန်


စပ်မိစပ်ရာ အညာသူတွေရဲ့ `` ကျွန်တော် ´´ ဆိုတဲ့ အသုံးအနှုံး

      ဘယ်ကနေစရမှာလဲတောင် အစရှာရ ခက်နေပါလား ။ ဟော ပေါ်လာပါပြီ စပ်မိစပ်ရာ ထူးဆန်းထွေလာ လေးပါဗျာ။  မန္တလေးနန်းတော် တစ်ချိန်တုံးက စံပျော်နေတော်မူတဲ့ နာမည်ကြီး မြန်မာပြည်ရဲ့   မင်းကြီးတစ်ပါးကနေစလိုက်မယ်နော်။ စိတ်မဆိုးကျေးပေါ့။ မြန်ပြည်တစ်လွှား လူတိုင်းရဲ့  ပါးစပ်ဖြားမှာ တေးသွားသဖွယ် တွင်ကျယ်လေပြီးဖြစ်တဲ့ မင်းတုန်းမင်းကြီးပါပဲ။ မင်းတုန်းမင်းကြီးဟာ တစ်ကယ့်ကို အံ့မခန့်ရလောက်အောင် စွမ်းဆောင်ပြလိုက်တာမှ မြန်ပြည်သမိုင်းကျမ်းမှာ သူတစ်လူ တစ်မူထူးကဲ လွန်းလှပါတယ်။ မင်းတုန်းမင်းကြီးဟာ ဘယ်အရာမှာ လူတကာထက် အဆရာပေါင်းများစွာ သာသလဲ ဆိုတာကို ပြောစရာမလိုလောက်တော့ဘူးထင်ပါတယ်။ နတ်သားတွေတောင်မှ မင်းတုန်းမင်းကြီးကို အရှုံးပေးလိုက်ရတယ်ဆိုလားပဲ။ မိဖုရားပေါင်း မောင်းမမိဿံခြွေရံပေါင်း ထောင် သောင်းမက များမြှောင် လှတာကိုလည်းပဲ သိနှင့်ပြီးသားဖြစ်မှာ ။ ဒီလိုဒီလိုနဲ့  မင်းတုန်းမင်းကြီးဟာ  သီးသန်းခန်းတော် ဆောင်လေးမှာ စံတော်လေ့ရှိပါတယ်။ ယင်းခန်းတော်ဆောင်မှာ ရှိနေခိုက် ခန်းတော်ဆောင်နဘေးက ဖြတ်သွားဖြတ်လာဖို့  မကြိုးစားလေနဲ့ ။ ဖြတ်သွားတဲ့ခြေသံကို ကြားလိုက်တာနဲ့  မင်းတုန်းမင်းကြီးက သြဇာအာဏာအပြည့်နဲ့ ´´ဟေ့´´ ဘယ်သူလဲ  ဆိုတဲ့ အမေးစကားခံရပြီသာမှတ်။ အဲသည်လို မေးကျင့်ရှိတဲ့ မင်းတုန်းမင်းကြီးကို အတော်လန့်ကြပါတယ်။ ဒါပေမဲ့ မင်းမှု မင်းထမ်း နန်းရဲ့ ခြွေရံဖြစ်နေလေတော့ တစ်မှုမဟုတ် တစ်မှု့နဲ့ ဖြတ်သွားရမှာပဲလေ။ ဒါနဲ့ ဖြတ်သွားတဲ့ အမှုထမ်းမှန်သမျှ ခြေသံကြားလိုက်တာနဲ့  မင်းကြီးက  ဟေ့ ဘယ်သူလဲ မေးလိုက်ပါတယ်။ မင်းမှုထမ်း ယောင်္ကျားလေးတွေကြတော့ ´´ကျွန်တော်ပါ´´လို့   ပြန်ဖြေလိုက်တယ်။ မင်းကြီးကလည်း ကျွန်တော်ဆိုတဲ့ အဖြေကိုကြားလျှင် သြဇာသံနဲ့  ဆက်သွား ဆက်လုပ်။ ကျန်တဲ့ မင်းမှုထမ်း မိန်းကလေးကြတော့ မင်းကြီးအမေးကို ´´ကျွန်မ´´ပါလို့ ပြန်ဖြေလေ့ရှိပါတယ်။ ကျွန်မလို့ ဖြေသံကြားတာကို မင်းကြီးက ဘယ်လို သြဇာသံပေးမှာလဲ စိတ်ဝင်းစားဖို့တော့ အတော်ကောင်းပြီတယ်။ နည်းနည်းတော့ ဈေးကိုင်လိုက်မှ ထင်တယ်။ မင်းကြီး ဆက်လက်ပေးတဲ့ သြဇာသံလေးကတော့ ၀င်ခဲ့တဲ့။ သိတဲ့အတိုင်းပါပဲနော် မင်းတုန်းမင်းကြီးလေ။ ဒီလိုနဲ့  နန်းမှုထမ်းသူလေးတွေ ကြုံဖန်များတော့ ပညာရသွားရှာတယ်ထင်ပါရဲ့။ တစ်ဖက်ကလည်း မင်းကြီးရဲ့ သြဇာအာဏာကိ မဖီဆန်ရဲနဲ့ဆိုတော့ အလိမ္မာသုံး ကိုယ်လွတ်ရုံးတဲ့ နည်းလမ်းလေးရလာကြပြီပဲ ဆိုပါဆို့။ လိမ္မာပါးနပ်သွားကြတဲ့ နန်းမှုထမ်းသူလေးတွေကတော့ ခန်းတော်ဆောင်ဘေးနား ဖြတ်သွားတဲ့အခါမှာ မင်းကြီးရဲ့ ဘယ်သူလဲဆိုတဲ့ အမေးကို ဘယ်တော့မှ ကျွန်မရယ်လို့မဖြေတော့ဘဲ ကျွန်တော်ပါလို့ ဖြေသွားကြတယ်လေ။ သက်သာရာနည်းလမ်းရသွားပြီပေါ့နော်။ မင်းကြီးရဲ့ အန္တရယ်ကို ရှောင်ဖယ်နိုင်ဖို့  တစ်ဖြည်းဖြည်းနဲ့  နန်းသူတွေ ကျွန်တော်ဆိုတဲ့ အသုံးအနှုံးတွင်ကျယ်လာကာ မိရိုးဖလာသဖွယ်တောင် ဖြစ်သွားပြီလေ။ မင်းကြီးရဲ့ သြဇာညောင်းပုံး အဖုံဖုံလေးပေါ့။ ဖြစ်ပျက်သမျှ အားလုံး အကျဉ်းချုံးကြည့်လိုက်တော့ ကျွန်တော်ဆိုတဲ့ မိန်ကလေး အသုံးအနှုံး သမိုင်းကြောင်းလေးပါပဲနော်။

ရွှေကိုထုတ်သုံး တောတောင်ပြုန်း

                             ရွှေ, ငွေ ကျောက်တန် ပတ္တမြားတို့မည်သည်  ပင်ကိုယ်သဘောဘဘာဝများအရ မြေကြီး အတွင်းမှာပင်လျှင် ပေါက်ဖွားရိုးထုံးစံရှိပြီး ယင်းမြေကြီးရဲ့အတွင်းထဲမှာပဲ နေလေ့နေထရှိတဲ့ သဘာဝကို စိုးမိုးပိုင်ဆိုင်ထားတယ်ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေလည်း သိထားနှင့်လောက်ပြီလို့ ယုံကြည် ပါတယ်။        မြေကြီးအတွင်းမှာ အောင်းနေ ရှိနေ တည်နေတယ်လို့ ဆိုလင့်သော်လည်း အပေါ်မြေလွှာတို့ မြေရိုင်းတို့မှာရယ် လူများတဲ့နေရာမှာရယ် ရှိမနေတတ်ပါဘူး။  သူတို့တည်ရှိလေ့ရှိတဲ့ နေရာမျိုးဟာ တစ် ကယ်လည်း နက်ရိုင်းပြီး တူးရခက်တဲ့နေရာမျိုးလည်းဖြစ်သလို လူသူနဲ့ ကင်းဝေးတဲ့နေရာလည်း ဖြစ်နေ တတ်ပါတယ်။ ဒါတွေအားလုံးဟာဖြင့် သူ့ရဲ့သဘာဝလေးကို အကြမ်းဖျင်း မြည်းစမ်းပေးရုံလေးနော်။ လူတွေဟာ ဆန်းတော့ ဆန်းသားပဲ။  ဒီလောက်နက်ရိုင်းပြီး တည်ရှိနေတဲ့ ထိုအရာလေးတွေကို မရမက ကြံ ဖန်ထုတ်ယူပြီးတော့ ထို ရွှေ ငွေ ကျောက်တန် ပတ္တမြားစတဲ့ သက်မဲ့အရာဝတ္ထုတွေကို လောကီရတနာ ရယ်လို့ အမွှမ်းတင် ခေါ်ဝေါ်သတ်မှတ်ကြပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဖြင့် ထိုအရာဝတ္ထုလေးကို မိမိ လက်ဝယ်မှာ ပိုင်ဆိုင်ထားမယ်ဆိုလျှင် လူတွေကို အေးချမ်းစေမယ် ငြိမ်းချမ်းစေမယ် ဂုဏ်ရှိစေမယ် ကျက် သရေတွေတိုးစေမယ်  စီးပွါးရေးဖွံ့ဖြိုးစေမယ် နှစ်သက်စေတယ်ပေါ့။  နိုင်ငံကပိုင်ဆိုင်လျှင်လည်း မိမိနိုင်ငံ ဖွံဖြိုးမယ် တည်ငြိမ်မယ် အေးချမ်းမယ် သာယာဝပြောမယ် စသည်စသည်ဖြင့် အမျိုးမျိုးပေါ့လေ။                
ထိုကဲ့သို့သော ၀ိဝါဒ အယူအဆလွမ်းမိုးမှုကြောင့် လူတွေဟာ လိုက်ရှာလာကြတယ် တူးလာကြတယ် ကျင်လာကြတယ်လေ။ ထိုသက်မဲ့ အရာဝတ္ထုလေးတွေကို လူတွေအသုံးပြုနေတယ်ဆိုတာသိလို့မှာပါနော်။ ထိုအရာဝတ္ထုကိုပဲ လူတွေက တန်းဖိုးမြင့်မားစွာ ပေးပြီး ၀ယ်ကြ လည်းကြ လုကြယူကြနဲ့ ပိုင်ဆိုင်ဖို့အရေးကိုနော်။ နောက်ပြီးတော့ ပိုင်ဆိုင်လိုက်ပြီဆိုတာနဲ့တင်မကသေးပါ အလေးအမြတ်တန်ဖိုး ထား ကြတာလည်းပါသေးတယ်။ အဲဒီသက်မဲ့ဝတ္ထုလေးကို လူတွေက မြင်ရခဲးလို့ တွေ့ရခဲးလို့ ကြုံရခဲးလို့ ပိုင်ဆိုင်ခဲးလို့ဆိုပြီး လောကီလူသားအဖို့ ခဲးတာကိုအစွဲပြုပြီး ရတနာလို့ ခေါ်တာနေမှာပါနော်။ အဲဒီရတနာ တွေကို ဒို့မြန်မာနိုင်ငံမှာတင် အသုံးပြုပိုင်ဆိုင်ချင်ကြမဟုတ်သေးဘူး။ ကမ္ဘာ့တစ်ဝှမ်းလုံးမှာရှိတဲ့ လူသန်း ပေါင်းမြောက်များစွာကလည်း ပျမ်းမျှအားဖြင့် သူသူငါငါ တွင်တွင်ကျယ်ကျယ်ကြီးဖြစ်အောင် သုံးဆောင် ကြ  ကိုင်ကြ  တွယ်ကြ ဆွဲကြ ချိတ်ကြနဲ့ နားရွက်ကနေစပြီး ခြေဖ၀ါးတိုင်ပါပဲဗျာ။ ပန်းထိမ်ဆရာတွေ ကလည်း ထောင်းကြ ထုကြ ကျစ်ကြ လိမ်ကြသေးတယ်။ မြေကြီးထဲမှာ အောင်းလေ့အောင်းထ နေလေ့နေထရှိတဲ့ သူတို့ရဲ့ပင်ကိုယ်သဘာဝလေးကို ဘာကြောင့်များ မရမကတူးပြီး ဘာပြုလို့ လောကီရ တနာရယ်လို့ သတ်မှတ်ခေါ်ဝေါ်ကာ နားမှာကော လည်ပင်းမှာကော လက်မှာကော ခြေထောက်မှာကော တစ်ချို့တစ်ချို့လူနည်းစုကျတော့ဖြင့် ခေါင်းပေါ်မှာတောင် ထိုးထားပါသေးတယ်။ ကံကောင်းတာတစ်ခု ဆိုလို့ ဘယ်သူ့ဘယ်သူမှ ခေါင်းထဲမှာ မထည့်မိကြတာပါပဲလေ။ သက်မဲ့ဖြစ်တဲ့ လောကီရွှေ ငွေ ရတနာတွေ ကို ခေါင်းထဲမှာ သွားပြီးထည့်မှားမိလျှင်တော့ ဆံပင်ပါ ကျွတ်ထွက်ရုံတင်ဘယ်ကလိမ့်မှာလဲ ခေါင်းပါပြုတ် သွားနိုင်တယ်။ ဒါမျိုးကြပြန်တော့လည်း လူတွေက တော်သား သိတတ်သားပဲ မဆိုးသေးပါဘူးလို့ ဆိုရလေ မလားပဲ။ ဒါနဲ့ဗျာ ရွှေ ငွေစတဲ့ရတနာတွေကို ထုတ်ယူအသုံးပြုဖို့ဆိုတာ လက်ဗလာစီယာ လွယ်လွယ်နဲ့ ကောက်ယူလို့မှမရတာ ဓားတွေ ပေါက်တူးတွေ တူရွင်းတွေ ပေါက်ချွန်း တူးစရာလက်ကြိယာအစုံအလင် မြေကော်ကား ကရိန်းကား စသည်စသည်မျှမကျန် နောက်ထပ်လူအင်အားလည်းသုံးပြီးမှ လုပ်ဆောင်လို့ ရတာကောနော်။ ရွှေ ငွေတွေကို သုံးရဖို့အရေး ရတက်မအေး သည်မျှလေးတင် မကသေးပါ မြေကြီးဟာ လည်း အပေါ်ပို့လိုက် အောက်ကိုပို့လိုက် ထိုးလိုက် ကော်လိုက် ဖျော်လိုက် ကျင်းလိုက်နဲ့ သူလည်း အလူး အလဲခံရတာပါပဲ။ အဲဒါတွေကို ထုတ်သုံးတာကိုက ဘယ်လောက်အပျက်အစီးများသလဲဆိုတာကိုပဲ စဉ်းစား ကြည့်လိုက်တော့ဗျာ။ မြေကြီးတင်ပဲ ပြီးသလားဆိုတော့ မဟုတ်သေးပြန်ဘူးတဲ့။ ဟော မြေကြီးရဲ့ အကျိုး ကျေးဇူးများပုံက ရွှေ ငွေတွေလောက်ကိုသာ သိုထားတာလေးနဲ့တင် ဘယ်ကဦးမှာလဲ သူ့ပေါ်မှာ မှီတည်နေတဲ့ တော တောင်သစ်ပင်စတာတွေကိုလည်းပဲ လန်းဆန်း ရှင်သန်နိုင်စေဖို့ကိုလည်း ထောက်ပံ့ ပေးရသေးတယ်လေ။ တော တောင် သစ်ပင်စတာတွေအားလုံးကို ခုတ်ဖြတ် ဖျက်ဆီး သုတ်သင်ပြီးမှ မြေကြီးကို တူးလို့ရမှာလေ။ အရင်ဆုံးခုတ်ဖြတ် ဖျက်ဆီးခြင်းမပြုဘဲနဲ့ မြေကြီးကိုသွားတူးမိလျှင်ဖြင့် ရွှေ ငွေတွေနဲ့အတူ သွားပြီး နစ်နေမှာ သိပ်သေချာတာပေါ့ ။ ဒါပေမဲ့ဗျာ သိကြတာကိုပဲ ကျေးဇူးတင် လို့မဆုံးပါဘူး။  ဒါကြောင့်မို့လို့လဲ တော တောင် သစ်ပင်စတာတွေကို အရင်ဦးဆုံး သုတ်သင်ရှင်းလင်းလို့ ပြီးဆုံးမှသာ မြေကြီးဇာတ်လမ်းက စလို့ရမှာလေနော်။  ဟော လာတော့မယ် နောက်ဆက်တွဲ ရလဒ်တွေ။ သဘာဝတရားဆိုတာ တစ်ခုတည်းသာ တည်ရှိနေတာမဟုတ်ပါဘူး။ အပြန်အလှန် တစ်ခုနဲ့တစ်ခု အတူယှဉ်တွဲ မခွဲစတမ်းနဲ့တွေပါ။ မြေ တော တောင် သယံဇာတ သဘာဝတရားတွေ ပျက်စီးလာတာနဲ့အမျှ ချက်ချင်းလက်ငင်းဆိုသလိုပဲ ၀ုန်းဒိုင်းနဲ့ ကျန်တဲ့ရေတွေ လေတွေ မီးတွေကော အငြိမ်နေပါ့မှာလား။ သဘာဝတရားတွေ အရမ်းကိုဆန်းကြယ်ပြီး ရိုင်းပင်းကူညီတတ်တဲ့ ဓလေ့ထုံတမ်းကို အခိုင်အမာ ရပ်တည်နေကြတယ်လေ။ ဒါကို ကြိုမမြင်လျှင်တော့ နားထင်ကို အအုပ်ခံရပြီး ပြားပြားမှောက်လိမ့်မယ် ကိုယ့်လူရေ။ ဦးဆုံး မြေ တော တောင်တွေ ဖျက်ဆီးခံလိုက်ရတာကို သူရဲ့မဟာမိတ်ဖြစ်တဲ့ ရေကကော အငြိမ်နေခဲ့လား။ ဝေလာဝေးပေါ့။  ဒီလိုနဲ့ ရေကအရင်ဦးဆုံးမဟာဗျူဟာခင်းပြီးတော့ စစ်ဆင်လိုက်တာ လေတပ်လည်း ထပ်ကြပ်မကွာဆိုသလိုပဲ စစ်ကူလိုက်လာလျှက် မီးတပ်ဆိုတဲ့ ရိပ်ခါလေးနဲ့ ထပ်ဖြည့်လိုက် ပြန်တော့ ဘာပြောကောင်းမှာလဲ ထိုင်ပြီးတော့ ကန်တော့လို့တောင် မရတဲ့ဘ၀ထိ ရောက်သွားကြကုန် တယ် မို့လား ။ သဘာဝတရားက ဒီလောက်ဒဏ်ခတ်ပေးလိုက်တာတောင်မှ မာန်ထောင်တာ တစ်ပြားမှကို မလျော့သေးတာကို အံ့သြလို့မဆုံးဘူးလို့ ပြောရမှာလားပဲ။  
           ´´ နိုင်ငံတော်ကျက်သဆောင် ရေမြေတော တောင်ရှိမှ တင့်တယ်လှ ´´  
          ´´ သာသနာ့ကျက်သရေဆောင် ၀ိနည်းအောင်မှ တင့်တယ်လှ´´ 
        ´´ လူထုကျက်သရေဆောင် မင်းကျင့်ညီအောင်နေမှ တင့်တယ်လှ ´´ ဆိုတဲ့ 
အဆိုကြမ်းလေးဟာလည်း ဆင်ခြေနဲ့ ဆိတ်သရေလုပ်လိုက်ပြီထင်ပါရဲ့။ 
ကဲဗျာ     အဲဒါတွေ ထားလိုက်ပါဦး ။ စကားပြန်ဆက်ကြရအောင် ။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ခြုံငုံသုံး သပ်ပြီးတော့ အကြောင်းရင်းတရား မြစ်ဖြားခံကြည့်လိုက်မယ်ဆိုလျှင်တော့ဖြင့် လိုအပ်သည့်အတိုင်းအ တာထက်ပိုအောင် လူတွေက မြေကြီးထဲမှာ နေလေ့နေထရှိတဲ့ ရွှေ ငွေ သဘာဝတွေကို ထုတ်သုံးတာများ လို့ပဲဖြစ်မယ် ထင်ပါတယ်။  နောက်ဆုံးမှာကြားလိုတာတော့ဖြင့် ပြည်နိုင်ငံတစ်ဝှမ်း စိမ်းစိုပြေ အေးငြိမ်း ချမ်းသာစေဖို့ ဘာကို အကျိုးမရှိပဲ မသုံးမိစေဖို့ရယ်ပါ။ သဘာဝတရားတွေ စိမ်းလန်းစိုပြေ အေးချမ်းစေဖို့ ´´ ရွှေ´´  ကို ထုတ်သုံး တော တောင်ပြုန်းဆိုတဲ့ ဆောင်းပါးလေးကို ဖန်တီးရင်း အလင်းတန်းကို ရောက်စေလိုလျှက်-----------------

Friday, January 28, 2011

ပအိုဝ်းအကြောင်းတစေ့တစောင်းကို မြည်းကြည့်စေချင်

သက်ရှိကို မဆိုထားဘိ သက်မဲ့ရဲ့ သဘောသဘာဝဖြစ်တဲ့ ရေမြေ တောတောင် သဘာဝလေးအားလုံးထဲက မြေဇာမြှက်သည်ပင် လျှင် သူ့ရဲ့ပေါက်ဖွားရာ မူလအရင်းအမြစ်ရှိကြပါသည်။ လူမျိုး တစ်မျိုး ရဲ့သမိုင်းလို့ခေါ်သော မူလအရင်းအမြစ်မရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ လူသားခွဲခြားဆက်ဆံမှုစိတ်ဓာတ်မရှိစေချင်လျှင် လူသားရဲ့သ ဘော သဘာဝကို နားလည်အောင် လုပ်ပါ။ ´´ စေ´´ တစ်လုံးကိုင် ပြီးတော့ နိုင်ရာပြုကြစတမ်းဆိုလျှင် အသင်အဘယ်မှာ အေးချမ်း ရာရှိတော့မည်နည်း ပအိုဝ်းဆိုတာလည်း လူသားအားလုံးထဲက အပါအ၀င်ပါ။ ဒါကြောင့်မို့ သူ့ရဲ့သသောသဘာဝကိုလည်း မြည်းစမ်းစေချင်ပါဘိ----------------------------


     ပအိုဝ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသား တို့သည် အနက် (သို့) နက်ပြာရောင်ဝတ်စုံကို အများဆုံးဝတ်ဆင်ကြသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသား တို့မူကား ဗမာ လူမျိုးကဲ့သို့ ဝတ်ဆင်ကြသည်က များလေသည်။ အနက်ရောင်၊ နက်ပြာရောင် ဝတ်ဆင်ကြခြင်းမှာ အနက်ရောင်သည် အပူကို စုပ်ယူနိုင်ခြင်း၊ အေးသောရာသီဥတုဒဏ်ကို ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှု သက်သာခြင်း စသည်တို့ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား တို့သည် အများအားဖြင့် မြင့်သောတောင်ပေါ်ဒေသတွင် နေထိုင်ကြသဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်၏။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ မူပိုင်အရောင်ပင် ဖြစ်လေသည်။
အနက်ရောင်၊ နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ရာတွင် အဖိုးထိုက်တန်သော သက္ကလပ်များကို အထူးအလေးပေး ဝတ်ဆင်ကြ၏။ အမျိုးသား၊ အမျိုးသမီး ဝတ်စုံတစ်စုံသည် ယခုကာလ ဈေးနှုန်းအားဖြင့် ငါးသောင်းကျပ်ခန့်ရှိလေသည်။ အနက်ရောင်၊ နက်ပြာရောင် ဝတ်စုံကို ညီညာစွာ ဝတ်ဆင်ကြသဖြင့် ဂုဏ်တု ဂုဏ်ပြိုင် ကင်းသည်ကို တွေ့ရပေသည်။
အမျိုးသားဝတ်စုံ
ပအိုဝ်းအမျိုးသားများသည် ဘောင်းဘီပွ၊ အပေါ်အင်္ကျီ (တိုက်ပုံ အင်္ကျီ) အနက်ရောင်၊ နက်ပြာရောင် ဝတ်ဆင်ပြီး အတွင်းတွင် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ကြသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ မှလာသော ခေါင်းပေါင်းရောင်စုံကို ပေါင်းထားကြပြီး ပခုံးထက်တွင် တောင်းပို ခေါ် လွယ်အိတ်ကို လွယ်လေ့ရှိသည်။
အမျိုးသမီးဝတ်စုံ
ပအိုဝ်းအမျိုးသမီးဝတ်စုံမှာ အခြာတိုင်းရင်းသူများနှင့် မတူဘဲ ထူးခြားလျှက်ရှိ၏။ ပအိုဝ်း တိုင်းရင်းသားတို့သည် အဖ ဝိဇ္ဇာဇော်ဂျီ၊ အမိ နဂါးမမှ ဆင်းသက်လာသည်ဟု ယုံကြည် ယူဆထားသဖြင့် အမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့ပုံသည် နဂါးမနှင့်တူလှသည်ကို တွေ့ရပေသည်။
ပအိုဝ်းအမျိုးသမီးဝတ်စုံတွင် ခေါင်းပေါင်းပဝါ အပါအဝင် အင်္ဂါငါးရပ်ရှိသည်ကို တွေ့ရသည်။ ၄င်းတို့မှာ အနက် သို့မဟုတ် နက်ပြာရောင် သင်တိုင်းအင်္ကျီ၊ အင်္ကျီလက်ရှည်၊ ထမီ၊ ခြေသလုံးပတ် စသဖြင့် အဆင့်ဆင့် ဝတ်ဆင်ကြသည်။ ငွေကြေးတတ်နိုင်သူတို့က ရွှေဆံထိုး အချွန်နှင့် အဝိုင်းနှစ်ခုလုံး ဖြစ်စေ၊ တစ်ခုတည်း ဖြစ်စေ ဆံထိုးတွင်ထိုးစိုက် အလှဆင်ကြသည်။ ဆံထိုးအချွန်သည် ငှက်ပျောဖူး ပုံသဏ္ဍာန်ရှိပြီး၊ အဝိုင်းမှာ ကွမ်းသီးလုံး အရွယ် သဏ္ဍာန် ရှိလေသည်။ ဆံထိုးအချွန်သည် နဂါးမ၏ မျက်လုံးသဖွယ် အဖြစ်လည်းကောင်း ဆင်ယင် ကြခြင်းဖြစ်သည်။ ရွှေဆံထိုးကို ရွှေအနီရောင်တင်ထား၏။ “တောင်းပို” ခေါ် လွယ်အိတ်ဖြစ်စေ၊ “ဖော့” ခေါ် ပလိုင်းလုံးကိုဖြစ်စေ လွယ်လေ့ရှိသည်။
ရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ အနက်ရောင် ဝတ်စားဆင်ယင်မှုကို ခုံမင်နှစ်သက်စွာ ဝတ်ဆင်လျှက် ရှိကြသည်။ အထူးသဖြင့် အလှူပွဲ များကျင်းပချိန်တွင် အနက်ရောင်၊ နက်ပြာရောင်ဝတ်စုံများဖြင့် စည်းလုံးညီညွတ်စွာ တွေ့ရ ပေသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားများသည် ရိုးရာဝတ်စား ဆင်ယင်မှုနည်သည်ကို တွေ့ရသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အသက်ဖြစ်သဖြင့် မိမိတို့လူမျိုး၏  ယဉ်ကျေးမှု မေတိမ်ကော မပျောက်ကွယ်စေရန် မိမိတို့လူမျိုး၏ ဘာသာစကားကို ပြောဆိုနိုင်ခြင်းနှင့် ဝတ်စားဆင်ယင်မှုဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပေသည်။
ဝတ်စားဆင်ယင်မှုသည် အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း၏ ခန္ဓာကိုယ်တွင် ဆင်ယင်ရသော အဝတ်အထည်နှင့် လက်ဝတ်လည်ဆွဲ စသော အဆင်အယင်များကို ခေါ်သည်။ ပအိုဝ်း အမျိုးသားများ၏ ဝတ်စားဆင်ယင်မှုများမှာ တရုတ်ပြည်အချို့ဒေသများ၏ ဝတ်စားဆင်ယင်မှုများနှင့် ဆင်တူသည်။ အပေါ်တိုက်ပုံအင်္ကျီမှာ လေးထောင့်စပ် ပုံသဏ္ဍာန်ရှိပြီး ခါးအထိရှည်သည်။ ဘောင်းဘီမှာ အပွဖြစ်၍ ခါး၌အဝကျယ်သည်။ ပအိုဝ်းယောင်္ကျားကလေးများ မွေးစမှ (၅)နှစ် (၆) နှစ်အထိ သတ်မှတ်ချက်မရှိသော အင်္ကျီဘောင်းဘီများကို ဆင်မြန်းလေ့ရှိကြသည်။ အချို့ကလေး ငယ်များ၏  ဦးထုပ်မေးသိုင်းကြိုးများကို  ငွေကြိုးနှစ်ပင် သုံးပင်ဖြင့် ဆင်မြန်း လေ့ရှိကြသည်။ ရှေးခေတ် ပအိုဝ်းယောင်္ကျားကလေးများ၊ မိန်းကလေးများသည် နားဖောက်၍ နားတောင်းများ ဆင်မြန်းခဲ့ကြသော်လည်း ယခုခေတ်တွင် မိန်းကလေးများသာ ဖောက်ပြီး၊ ယောင်္ကျားကလေးများ အရွယ်ရောက်ချိန်တွင် ဘောင်းဘီနှင့် ခေါင်းပေါင်းသည် အဓိကဝတ်ဆင်ပြီး ပွဲလမ်းသဘင်များ၌သာ အပေါ်အင်္ကျီ (တိုက်ပုံ) ကို ဝတ်ဆင်ကြသည်။ အတွင်းခံအင်္ကျီအဖြစ် တီရှပ်ရောင်စုံများ၊ စပို့ရှပ်များ ဝတ်ဆင်လာကြသည်။
ရှေးကဒေသလုပ် သားရေဖိနပ်များစီးကြရာမှ ယခုအခါ ပြည်တွင်းပြည်ပဖြစ် ဖိနပ်များကို ချိန်ခါမရွေး စီးလာကြသည်။ အိမ်တိုင်းတွင် ဓား၊ ခမောက်များ ရှိကြပြီး၊ ၄င်းကို လယ်ယာ လုပ်ငန်းခွင်ဝင်ရာတွင် အများဆုံးအသုံးပြုသည်။ လွယ်အိတ်မျိုးစုံနှင့် ထီးမျိုးစုံသည် ပအိုဝ်း အမျိုးသား၊ အမျိုးသမီးများ အတွက် အသုံးများသော အသုံးအဆောင်ပစ္စည်း ဖြစ်သည်။ ငွေကြေးပြည့်စုံသူများသည် ဆွဲကြိုးများ၊ လက်စွပ်များ၊ ကျောက်ဖြင့် ကွင်းထားသော လက်စွပ်များကို ဝတ်ဆင်လေ့ ရှိကြသော်လည်း ယခုခေတ်လူငယ်များတွင် ထိုသို့သော အလေ့အထ တဖြည်းဖြည်း နည်းပါးလာကြောင်း တွေ့ရသည်။
ပအိုဝ်းမိန်းကလေးများ မွေးစမှ (၇)နှစ် (၈)နှစ်ထိ ဂါဝန်အနက်ရောင်ကို ဖြစ်စေ၊ နောက်ဆုံးပေါ် ရောင်စုံဂါဝန်များကို ဖြစ်စေ ဝတ်ဆင်ပေးလေ့ရှိကြသည်။ ၄င်းနောက် သတ်မှတ်ထားသော လူကြီးဝတ်စုံများကို ဆင်မြန်းလာကြသည်။ ပအိုဝ်းအမျိုးသမီးများ၏ အဓိကဝတ်စုံမှာ ခပ်ကျယ်ကျယ် ခပ်ပွပွရှိသည့် သင်တိုင်းများဖြစ်သည်။ လည်ပင်းနေရာတွင် အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဍာန် ရှေ့နောက် ဖောက်ထား၍ လက်မောင်းအဝကျယ် နှစ်ပေါက် ပါရှိသည်။ ကိုယ်အောက်ပိုင်းတွင် ဒူးအထိရှိသော ထမီကို အသုံးပြုဝတ်ဆင်လေ့ရှိသည်။ ဒူးအောက်ပိုင်း ခြေသလုံးပတ်လည်တွင် အဝတ်နက်စခေါ် (ခင်;လွမ်) ခြေပတ်ကို ကြိုးဖြင့် ချည်နှောင် ဝတ်ဆင်ကြသည်။ ရှေးအခါက လက်မောင်းစွပ် အစား အမျိုးသားတိုက်ပုံဆန်ဆန် ကော်လာသေး ခါးတို ဝတ်စုံကိုသာ အများဆုံး ဝတ်ဆင်လာကြသည်။ အမျိုးသမီးများသည် အမျိုးသားများနည်းတူ တဘက် ခေါင်းစီးကို စည်းလေ့ရှိကြသည်။ ဆံပင်ကို ငယ်ထိပ်တည့်တည့်တွင် ထုံးထားပြီး ဖက်ဖူးစောင်ဖြင့်ဖြစ်စေ၊ အဖြူ၊ အနီ၊ အကြား၊ အရောင်များဖြင့်ဖြစ်စေ၊ နောက်ဆုံးပေါ် ပြည်ပဖြစ် တဘက်အမျိုးမျိုးကို ဖြစ်စေ ခေါင်းပေါင်းအဖြစ် အသုံးပြုကြသည်။
အမျိုးသမီးများသည် ခေါင်းပေါင်းတဘက်များကို ပေါင်းထားကြသည့်အပြင် ရွှေဆံထိုးနှစ်ခု ကိုလည်း စိုက်ထိုးထားကြသည်။ အရွယ်ရောက်ချိန်မှစ၍ လက်ဝတ်ရတနာ ရွှေငွေများ ဆင်မြန်းလေ့ရှိကြသည်။ ငယ်စဉ်က ဖောက်ထားသော နားပေါက်များတွင် စက္ကူလိပ် နားတောင်း၊ ရွှေပြားလိပ်နားတောင်း၊ ရွှေနားတောင်းများကို ပန်ဆင်ကြသည်။ နားပေါက်ကျယ် ရှေးအမျိုးသမီး များမှာ ရွှေပြားလိပ်များကို ပန်ဆင်ကြပြီး နားပေါက်ကျဉ်းသူများမှာ နားသန်သီးကိုသာ ဆင်မြန်း လေ့ရှိကြသည်။ ရွှေလက်ကောက်၊ ငွေလက်ကောက်များကိုလည်း ပုံစံအမျိုးမျိုးဖြင့် ဝတ်ဆင်ကြကာ ဆွဲပြားများ၊ လက်စွပ်များ၊ ကျောက်သံပတ္တမြားစသည့် ရတနာ များကိုလည်း ငွေကြေးတတ်နိုင်မှု အလိုက် နှစ်ခြိုက်စွာဝတ်ဆင်လေ့ရှိကြသည်။ အမျိုးသမီးများသည် မကြာခဏ တရော်ဖြင့် ခေါင်းလျှော်၍ အုန်းဆီဖြင့် ဆံပင်ကို သလေ့ရှိသည်။
အလှဆီ ရေမွှေးများ အသုံးပြုမှု နည်းပါးသော်လည်း သနပ်ခါးကို လိမ်းကျံလေ့ရှိကြပြီး ပါးနီဆိုးသော အလေ့ အချို့နေရာများတွင် ရှိနေသေးသည်။ မြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ခေတ်မီပအိုဝ်း အမျိုးသမီးများမှာမူ နောက်ဆုံးပေါ် အလှပြင်ပစ္စည်းများ အသုံးပြု နေကြမည်မှာ အထူးယုံမှားသံသယ ဖြစ်ဖွယ် မရှိတော့ပါ။ ပအိုဝ်းအမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှုများမှာ မျိုးနွယ်စု အလိုက်၊ ဒေသအလိုက်၊ အနည်းငယ်ကွဲပြား ခြားနားမှုရှိကြသည်။

စိတ်နေသဘောထားများ

ပအိုဝ်းတိုင်းရင်းသားများသည် ပဒေသရာဇ် အုပ်စိုးသူ လူတန်းစား၏ ဖိနှိပ်ညှဉ်းပန်းမှုနှင့် အခွန်အတုတ် မတရားအတင်း အဓမ္မကောက်ခံမှုများကြောင့် ၄င်းတို့နှင့် ကင်းဝေးရာ တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ပင်ကိုစရိုက်အနေဖြင့် မိမိ၏ စားဝတ်နေရေးအတွက် လွတ်လပ်စွာ ပရိယေသန ရှာမီးလိုမှု စိတ်ဓာတ်အပြည့်ရှိကြသည်။ ပဒေသရာဇ်စနစ် ပပျောက်ပြီး ပအိုဝ်းများ တောင်ပေါ်ဒေသတွင် အတည်တကျ နေထိုင်လာကြသကဲ့သို့ မြေပြန့်ဒေသများသို့ဆင်း၍ လယ်ယာလုပ်ငန်း လုပ်ကိုင်အသက်မွေး ဝမ်းကြောင်း ပြုလာကြသည်။ ပအိုဝ်းများ၏ စိတ်နေသဘောထားများမှာ ရိုးသားမှုကို အရင်းခံကြသည်။ ပအိုဝ်းစကားပုံတစ်ခုက ‘ကုန်းမြင့်လျှင် ရေမတင်၊ ဂုဏ်မြင့်လျှင် လူမခင်’ ဟု ဆိုပေသည်။ ပအိုဝ်းများသည် အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ တပြေးညီစွာ တန်းတူရည်တူ ဆက်ဆံကြသည်။ ဓနဂုဏ်၊ ငွေဂုဏ်၊ ပညာဂုဏ်မောက်ခြင်းများ မရှိသလောက် နည်းပါးကြောင်း တွေ့ရသည်။
ပအိုဝ်းများသည် ပင်ကိုဗီဇအားဖြင့် ရိုးသား၍ နိုးကြားကာ ကြိုးစားကြသည်။ ပွင့်လင်းခင်မင် တတ်ကြသည်။ မိမိတို့အချင်းချင်းနှင့်ဖြစ်စေ အခြား ညီအစ်ကို တိုင်းရင်းသားများနှင့်ဖြစ်စေ၊ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပြေပြေလည်လည် ဆက်ဆံတတ်ကြသည်။ မြန်မာ့စွယ်စုံကျမ်းတွင် “ပအိုဝ်းတိုင်းရင်းသားများသည် ကိုယ်လက်ကြံ့ခိုင်သည်၊ သတ္တိရှိသည်၊ အေးဆေးစွာ နေထိုင် တတ်သည်။ ရှက်ကြောက်ခြင်း။ တည်လွန်းခြင်း အလျဉ်းမရှိ၊ ဖော်ရွေလှ၍ လွယ်ကူစွာပေါင်းသင်း ဆက်ဆံနိုင်သော တိုင်းရင်းသား” ဟုရေးသားထားပါသည်။ ပအိုဝ်း အမျိုးသားရော အမျိုးသမီးများပါ လုံ့လဝီရိယ ရှိကြပြီး အလုပ်ကို အားသွန်ခွန်စိုက်လုပ်ကိုင် အသက်မွေးကြသည်။
ပအိုဝ်းများသည် စကားပြောရာတွင် စကားတန်ဆာဆင်လေ့ မရှိ၊ လိုရင်းကို တဲ့တိုးပြောတတ် ကြသည်။ ရောက်ရှိလာကြသော ဧည့်သည်များအား ပွင့်ပွင့်လင်းလင်း ခရီးဦးကြိုပြု၍ ဧည့်ဝတ်ကျေပွန်တတ်ကြသည်။ ပအိုဝ်းဘာသာစကား တတ်ကျွမ်းလျှင် ပအိုဝ်းရိုးရာ ဟာသ ပုံပြင်များကို အရသာခံရင်း ပအိုဝ်းများ၏ သဘာဝမူရင်းစိတ်ဓာတ်၊ ဖော်ရွေမှုများ ပို၍သိရှိ လာနိုင်သည်။ အပေါ်ယံပြင်ပတွင် အဝတ်မဲများ ဝတ်ထားကြသော်လည်း အတွင်းစိတ် သဏ္ဍာန်တွင်ကား အဖြူချည်းသာ တွေ့မြင်နိုင်ပါသည်။ ပအိုဝ်းများသည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ရှေးပဝေသဏီ နှစ်ပေါင်းများစွာကပင် ယုံကြည်စွာ ကိုးကွယ်လာခဲ့ကြသည်။ ဘုရား၊ တရား၊ သံဃာကို အထူးကြည်ညိုလေးစားကြသည့်အလျောက် ပအိုဝ်းကျေးရွာများတွင် တိုက်ကျောင်း ကြီးများ၊ သစ်သားကျောင်းကြီးများကို ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်လှူဒါန်းကြသည်။ ဗုဒ္ဓ၏ သားသမီးများဖြစ်ကြသည့် အားလျှော်စွာ အကြင်နာတရားများ မေတ္တာတရားများဖြင့် ပြည့်ဝနေကြကြောင်း တွေ့ရပါသည်


ဘာသာရေးကိုးကွယ် ယုံကြည်မှု

ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ သုဝဏ္ဏဘူမိသထုံပြည်မှ ရှမ်းကုန်း ပြင်မြင့်သို့ ရောက်ရှိပြီး ဗုဒ္ဓဘာသာ မျိုးစေ့ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။ ပအိုဝ်းအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အနည်းငယ်မျှသာ ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြသည်။ ကြီးကျယ်ခမ်းနားသော ဘုန်းတော်ကြီးကျောင်းများကို ကျေးရွာတိုင်းတွင် တွေ့ရသည်။ ဘုရား၊ ကျောင်းကန်၊ ဇရပ်စသော သာသနာရေးဆိုင်ရာ အဆောက်အအုံများကို မိမိချွေးနည်းစာလုပ်အားခမှ စုဆောင်းထားသော ငွေကြေးများဖြင့် ဆောက်လုပ်လှူဒါန်းကြသည်။
ပအိုဝ်းရွာတိုင်းတွင် ရွှေရောင်တဝင်းဝင်းရှိသော ဘုန်းတော်ကြီးကျောင်းများကို ခမ်းနားစွာ တွေ့မြင်ရသည်။ စေတီဘုရားပုထိုးများလည်း တင့်တယ်စွာ ဖူးတွေ့ရသည်။ အခါကြီးရက်ကြီး၊ လပြည့်လကွယ်၊ ဝါတွင်းသုံးလ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ် အခါသမယများတွင် ဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်များ၌ သီတင်းသီလ ဆောက်တည်သူများ ပြည့်ကျပ်၍ နေတတ် ပါသည်။ ရဟန်းသံဃာဘုန်းတော်ကြီးများကို အထူးကြည်ညိုလေးစားကြကာ တရားတော်များကို လေးစားစွာ နာယူသည့်အပြင် ဗုဒ္ဓဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃာဝေယျာဝစ္စများကို အထူးကျေပွန်တတ်ကြသည်။
ပအိုဝ်းအိမ်တိုင်းတွင် ဘုရားကျောင်းကို တရိုတသေ ပြင်ဆင်ထားကြသည်။ နေ့စဉ် နံနက်တိုင်း ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူဒါန်းကြသည်။ လယ်ယာလုပ်ငန်းခွင် မဝင်မီ ဘုရားဝတ်ပြုကြသည်။ အိမ်လည်လာသော ဧည့်သည်များသည် အိမ်ပေါ်ရောက်သည်နှင့် ဘုရားကို ဦးစွာဝတ်ပြုပြီး မှသာလျှင် လာရင်းကိစ္စကို တိုင်ပင်ဆွေးနွေး လေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများသည် အခြားဘုန်းရှင်၊ တန်ခိုးရှင်များကို ယုံကြည်ကိုးကွယ်သည့် အလေ့မရှိ။ ဗုဒ္ဓဘုရားကိုသာလျှင် အလေးထားကိုးကွယ်ကိုင်းရှိုင်းတတ်ကြသည်။ ဘုရားဟော ဒေသနာတော်များကို လိုက်နာ ကျင့်သုံးကြသည်။
မိမိ၏ စီးပွားရေး အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖြစ်သည့် လယ်ယာလုပ်ငန်းများ လုပ်ဆောင်ရာ တွင်လည်း ဘာသာရေးကို ပစ်ပယ်ထားခြင်းဖြင့် အကျိုးကျေးဇူးများ ဆုတ်ယုတ်သွားနိုင်သည်ဟု ယုံကြည်ကြသည်။ ကျေးရွာရှိရွာသားတိုင်း ဘာသာရေးကို ရိုသေကိုင်းရှိုင်းသူများဖြစ်ကြပြီး၊ ဘာသာအယူဝါဒအပေါ် တိမ်းစောင်းသွေဖီစေသည့် အတွေးအခေါ် အယူအဆမျိုးကို လုံးဝ လက်မခံကြပေ။ ကျေးရွာများတွင် လုပ်ငန်းခွင်ပြီး၍ ကျင်းပသည့်ပွဲလမ်းသဘင်သည်လည်း ဘာသာရေးဆိုင်ရာ ပွဲလမ်းအခမ်းအနားများသာ ဖြစ်ကြသည်။ ဗုဒ္ဓကို ပူဇော်သည့်ပွဲ၊ ဗုဒ္ဓသားအဖြစ် ခံယူသည့် ရှင်ပြုရဟန်းခံပွဲ၊ ဝါကျွတ်ပွဲ၊ သင်္ကြန်ပွဲများနှင့်အခြား ဗုဒ္ဓကို ရည်စူးသည့် ပွဲများသာ ကျင်းပလေ့ရှိကြသည်။

ကျေးရွာတည်ဆောက်မှု

ပအိုဝ်းတိုင်းရင်းသားများသည် ယေဘုယျအားဖြင့် ခြံယာလုပ်ငန်းဖြင့် အသက်မွေးကြသူများ ဖြစ်သည်။ ကျေးရွာများ တည်ဆောက်ရာတွင်လည်း စိုက်ပျိုးရန် မြေသြဇာ ကောင်းမွန်သည့် မြေလွတ်မြေရိုင်းများ ရှိရာဒေသများကို အဓိကရွေးချယ် ကြသည်။ သောက်သုံးရေ နှင့် သီးနှံစိုက်ပျိုးရန် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် ထည့်သွင်း စဉ်းစားကြသည်။ ပအိုဝ်းကျေးရွာများကို ရေမဝပ်သည့် တောင်ကုန်း တောင်စောင်းများပေါ်တွင် အများဆုံး တွေ့ရှိရသည်။ တောင်ပေါ်ဒေသ ရေမဝပ်သည့် နေရာများများ ရွေးချယ်ရခြင်းမှာ လေကောင်းလေသန့် ရရှိစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သစ်ဝါးများ ပေါများသော တောင်ပေါ် တောင်စောင်းများတွင် ရွေးချယ်တည်ဆောက်ဟန် တူပါသည်။
ပအိုဝ်းကျေးရွာတည်ဆောက်ရာတွင် အခြေခံသည့် အချက်များမှာ စိုက်ပျိုးရန်မြေနှင့် မြေသြဇာ ကောင်းမကောင်း၊ သောက်သုံးရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် ရေရှိမရှိ၊ လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့မှု ရှိမရှိများကို အဓိကထားကြောင်း တွေ့ရသည်။ အခြား နေမျက်နှာမူရာနှင့် လေကြောင်းများ၊ မိရိုးဖလာ အစဉ်အလာများကိုလည်း တစ်ပြိုင်တည်း ထည့်သွင်းစဉ်းစား ကြသည်။ အချို့ကျေးရွာများသည် မြေသြဇာ ကောင်းမွန်လျှင် ရေနှင့်လမ်းပန်း အခက်အခဲများ ရှိသော်လည်း နေထိုင်ကြသည်။ ရေရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးကို လုပ်ငန်းခွင်အားသည့် အချိန်များတွင် စုပေါင်းလုပ်အားဖြင့် လုပ်ကိုင်ကြသည်။ ရေကို များသောအားဖြင့် စမ်းချောင်းများကို အမှီပြုကာ ရွာများ၊ လူနေအိမ်များကို တည်ဆောက်ကြသည်။ တောတောင် သဘာဝ စိမ့်စမ်းရေထွက်များမှ ရေကို ကျေးရွာအရောက် နည်းမျိုးစုံဖြင့် သွယ်တန်းကြသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ မြေသြဇာ ထက်သန်သော ရေပေါများရာ ဒေသများတွင် ကျေးရွာထူထပ် ပေါများသည်ကို တွေ့ရသည်။ ထို့ကြောင့် ကလော၊ တောင်ကြီး၊ လွိုင်လင် ကားလမ်း မကြီး ဝဲယာလက်တွင် လည်းကောင်း၊ အောင်ပန်း၊ ကလော၊ လွိုင်ကော် ကားလမ်း အရှေ့နှင့် အနောက်တွင်လည်းကောင်း၊ အောင်ပန်း၊ ပွေးလှ၊ ပင်းတယ၊ ရပ်စောက် ကားလမ်း နံဘေး တစ်ဖက် တချက်များတွင်လည်းကောင်း၊ အဝတ်နက် များဖြင့် လယ်ယာလုပ်ငန်းခွင် ဝင်နေကြသော ပအိုဝ်းတိုင်းရင်းသားများနှင့် ပအိုဝ်းကျေးရွာများကို တွေ့ရှိရသည်။
ပဒေသရာဇ်စနစ်ချုပ်ငြိမ်းပြီး ပအိုဝ်းများ မြေပြန့်သို့ ဆင်း၍ ကားလမ်းမကြီးတစ်လျှောက်တွင် နေထိုင်လာကြကြောင်း သိသာထင်ရှားသည်။ လယ်ယာမြေများကို ယခင်ကထက်တိုး၍ လုပ်ကိုင်လာကြသည်။ သီးနှံများ စနစ်တကျ တို့ချဲ့စိုက်ပျိုးလာကြသည်။ ပအိုဝ်းကျေးရွာ များကို အိမ်ခြေ (၅) အိမ်ထက်ကျော်လျှင် ရွာအဖြစ် သတ်မှတ်ထားသဖြင့် ကျေးရွာတစ်ရွာလျှင် ပျှမ်းမျှအိမ်ခြေ (၅၀) မှ (၇၀) အတွင်းတွင်သာ ရှိကြသည်။ အိမ်ခြေ (၁၀) အိမ်မျှသာရှိသော ရွာသိမ် ရွာငယ်များမှ အိမ်ခြေ (၃၀၀) ကျော်ရှိသော ရွာကြီးများအထိ ရှိကြသည်။ တစ်ရွာနှင့် တစ်ရွာ ပျမ်းမျှ (၄) မိုင် (၅) မိုင် အထိ ကွာဝေးပြီး ကားလမ်းမကြီးတလျှောက်တွင်မူ (၂) မိုင် ပတ်ဝန်းကျင်မျှသာ ကွာဝေးကြသည်။ ကျေးရွာပုံစံများမှာ ရွာဝိုင်း ပုံသဏ္ဍာန်များပြား၍ ရွာတန်းရှည် ပုံသဏ္ဍာန် နည်းပါးကြောင်း တွေ့ရသည်။ ရွာတန်းရှည်များကို ချောင်းနှင့် ကားလမ်း၊ ရထားလမ်း တစ်လျှောက်များတွင်သာ တွေ့ရှိနိုင်သည်။
ပအိုဝ်းနေအိမ်များကို ရှေးခေတ်အိမ်ပုံစံများနှင့် ခေတ်ပေါ်အိမ်ပုံစံများဟူ၍ နှစ်မျိုးရှိကြသည်။ ရှေးခေတ်အိမ်ပုံစံသည် သစ်ဖြင့်ဖြစ်စေ၊ ဝါးဖြင့်ဖြစ်စေ၊ ဆောက်လုပ်ကြသော်လည်း ခေါင်စောက်၊ ခါးတို၊ ပြူတင်းပေါက်များ မရှိသောအိမ်များ ဖြစ်ကြသည်။ ယခုခေတ်တွင် ကြိုက်နှစ်သက်ရာ အိမ်ပုံစံများဖြင့် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအိမ်များ ဆောက်လုပ်လာကြကာ လေဝင်လေထွက် ကောင်းမွန်စေရန် အခန်းတိုင်းတွင် ပြူတင်းပေါက်များ တပ်ဆင်ထားကြသည်။ အိမ်ဆောက်လုပ်ရန် ပထမဦးစွာ မြေနေရာ ရွေးချယ်ပြီး မြေညှိရသည်။ နေ့ကောင်းရက်မြတ်မျာ ရွေး၍ ပန္နက် ရိုက်ကြသည်။ ဝါးအိမ် ဆောက်လုပ်လျှင် ရွာသားလုပ်အားဖြင့် နေ့ချင်းပြီး ဆောက်လုပ်လေ့ ရှိကြသည်။ နှစ်ထပ်အိမ် အဆောက်များပြီး အိမ်ပေါ်တွင် ဧည့်ခန်း၊ အိပ်ခန်းနှင့် မီးဖိုခန်းများ ခွဲခြားထားသည်။ အိမ်အောက်တွင် ကျွဲ၊ နွား၊ တိရိစ္ဆာန်များကို လည်းကောင်း၊ သီးနှံများကို လည်းကောင်း၊ လယ်လုပ် ကိရိယာများကို လည်းကောင်း ထားရှိကြသည်။ သစ်သားအိမ်များကို ရှမ်းပြည်နယ်၏ အမြဲ စိမ်းလန်းစိုပြည်သော တောင်၊ ခြောက်သွေ့သစ်တော နှင့် ထင်းရှူးတော များမှ ရရှိသော ကျွန်း၊ ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း၊ အင်၊ ကညင်၊ ထင်းရှူး အစရှိသော သစ်များဖြင့် ဆောက်လုပ်ကြသည်။ သစ်သားအိမ်များကိုမူ အိမ်ရှင်များက ကျွမ်းကျင်ခေတ်မီသော လက်သမားများကို ငှားရမ်းဆောက်လုပ်စေကြသည်။ သစ်နှင့် ဝါးသည် ပအိုဝ်းနေအိမ်များ အတွက် အဓိက လိုအပ်သော ပစ္စည်းများဖြစ်ကြသည်။ ခေတ်မှီ ပျဉ်ထောင်အိမ်များတွင် အခန်းဖွဲ့စည်းပုံ အမျိုးမျိုးထားရှိသော ဘုရားကျောင်းကို ခမ်းနားသပ်ရပ်စွာပြင်ဆင်ထားလေ့ရှိကြသည်။

ဓလေ့ထုံးစံများ

ဆွေမျိုးတော်စပ်ခြင်း
ပအိုဝ်းလူမျိုးတွင် မိန်းမ၏ မောင်နှင့်အစ်ကိုအား ‘မက်’ ဟုခေါ်၍ ညီမ၏ယောကျာင်္းကိုလည်း ‘မက်’ ဟုပင်ခေါ်သည်။ ညီအစ်မ နှစ်ယောက်၏ ယောက်ျားကို ‘ဖာတန်’ ဟုခေါ်ပြီး၊ ညီမ၏ လင်ယောက်ျားကို ‘ဖာနင်’ ဟုခေါ်သည်။ အဖေ၏ ညီကို ‘ဖာနင်’၊ အမေ၏ အစ်ကို ကို  ‘ဖာတန်’ ဟုခေါ်သည်။ အမေ၏မောင်ကို ‘ဖူ’ ဟုခေါ်သည်။ အဖေ၏ ညီမနှင့် အစ်မကိုလည်း ‘ဖူ’ ဟုခေါ်သည်။ အမေ၏ ညီမကို ‘မွိုးတန်’၊ အမေ၏ အမေကို ‘မွိုးဖြား’၊ ဇနီးသည်၏ ညီမကို ‘မွိုးနင်’၊ ဇနီးသည်၏ အစ်မကို ‘မွိုးတန်’ ဟုခေါ်သည်။
အမွေဆက်ခံခြင်း
မိဘနှစ်ပါးကွယ်လွန်သော် ကျန်ရှိပစ္စည်းများကို သားသမီးများအား ကျားမ ကြီးငယ်မခွဲခြားဘဲ ခွဲဝေယူကြသည်။ မိဘနှင့် နောက်ဆုံးအတူနေသူက အမွေကို ပိုရထိုက်သည်ဟု ယူဆကြသည်။ သားသမီးမြေးမြစ်မရှိမှသာ အနီးဆုံးဆွေမျိုးက ဆက်ခံနိုင်သည်။ မိဘ၏ နေအိမ်နှင့် မြေကွက်ကို အငယ်ဆုံးသားသမီးများအား ပေးလေ့ရှိသည်။ အမွေစား အမွေခံ မရှိဘဲ သေဆုံးသွားကြလျှင် ၄င်းတို့၏ ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းသို့ ပေးပို့ လှူဒါန်းလေ့ရှိသည်။

ကင်ပွန်းတပ်ခြင်း
ပအိုဝ်းကလေးများကို မွေးပြီး တစ်နှစ်အတွင်းတွင် အမည်ပေး ကင်ပွန်းတပ်ပွဲများ ပြုလုပ် လေ့ရှိကြသည်။ အမည်များကို ဘုန်းတော်ကြီးများက လည်းကောင်း၊ ဗေဒင်ပညာရှိများက လည်းကောင်း၊ ဘိုးဘွားမိဘများက လည်းကောင်း နေ့နံအလိုက်ပေးလေ့ ရှိကြသည်။ သက်ကြီး ရွယ်အို မိတ်သင်္ဂဟများအား ဖိတ်ကြားကျွေးမွေးပြီး ချည်မျှင်စွပ် ဆုတောင်း ပေးတတ်ကြသည်။ ငွေကြေးများဖြင့် လက်ဖွဲ့လေ့ရှိကြသည်။
ပညာသင်ခြင်း
ပဒေသရာဇ်ခေတ်တွင် (၁၀) နှစ်အရွယ် ကလေးများအား ဘုန်းတော်ကြီးကျောင်းသို့ပို့၍ ပအိုဝ်းစာနှင့် လောကုတ္တရာစာပေများကို သင်ကြားစေကြသည်။ မိန်းကလေးများမှာမူ စာသင်ခွင့်မရှိခဲ့ကြပါ။ ဖဆပလခေတ်တွင် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းများ ဖွင့်လှစ်၍ လောကီပညာရပ်များကို စတင်သင်ကြားလာကြသည်။ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် နှင့် ယခု နိုင်ငံတော် အစိုးရခေတ် လက်ထက်တွင် ပအိုဝ်းဒေသ အတွက် မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများကို လိုအပ်သလို ဖွင့်လှစ်ပေးခဲ့၍ ပအိုဝ်းကလေးများ ပညာရေးကို ကောင်းမွန်စွာ သင်ကြားခွင့် ရနေကြပြီဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ်များသို့ ပအိုဝ်းကျောင်းသူ ကျောင်းသားများ ထောင်နှင့် ချီပြီး ပညာသင်ကြားနေသကဲ့သို့ ပအိုဝ်းခေတ်ပညာတတ် ဘွဲ့ရများလည်း အတော်အတန်ရှိလာ ခဲ့ပါပြီ။
ရှင်ပြုပွဲ အခမ်းအနား
ပအိုဝ်းမိဘတိုင်းသည် မိမိတို့၏ ရင်နှစ်သည်းချာ သားလှရတနာများအား ရှင်ပြုပေးနိုင်ကြရန် အနှစ်နှစ် အလလ ကြိုးစား၍ အလုပ်လုပ်ကာ ငွေကြေးစုဆောင်းကြသည်။ နှစ်စဉ် လယ်ယာလုပ်ငန်းခွင်ပြီးဆုံး၍ အားလပ်သောအချိန်များတွင် ကျေးရွာများမှ စုပေါင်း၍ ရဟန်း သာမဏေ အပါး (၅၀) မှ (၃၀၀) အထိ ရှင်ပြုပွဲ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ မိမိတို့ လှူဒါန်းခဲ့ကြသော ကျောင်း၊ သိမ်၊ ဇရပ်၊ ရေတွင်း၊ ရေကန် အစရှိသော အလှူဒါနများအတွက်ပါ တပါတည်း ရေစက်သွန်းချ ကုသိုလ်အမျှပေးဝေကြသည်။ ရပ်နီး ရပ်ဝေး မိတ်ဆွေ သင်္ဂဟ အပေါင်း အသင်းများအား ဖိတ်ကြားကာ သုံးရက် သုံးည တိုင်တိုင် ဧည့်ခံကျွေးမွေးကြသည်။ နှစ်စဉ် တပေါင်းလ၊ တန်ခူးလများတွင် ပအိုဝ်းတိုင်းရင်းသားများ၏ စုပေါင်းရှင်ပြုပွဲ အခမ်းအနားများကို ပအိုဝ်းဒေသ နေရာ အနှံ့အပြားတွေ့ရှိရပေသည်။

လူပျိုအပျိုဘဝနှင့် မင်္ဂလာလက်ထပ်ပွဲ

လူပျိုအပျိုဘဝသည် လူမျိုးတိုင်းတွင် ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများ တွင်လည်း လူပျိုလှည့်သည့် ဓလေ့ရှိသည်။ လူငယ်များ လူပျိုလှည့်ရာတွင် မိမိရွာတွင်း၌လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ အပေါင်းအသင်းများနှင့် ဖြစ်စေ လှည့်လေ့ရှိသည်။ သူစိမ်းပြင်ပရွာ၌ အပျိုလှည့်လိုလျှင် ကာလသားခေါင်းဆောင်ထံတွင်ဖြစ်စေ၊ ရွာခံကာလသားတစ်ဦးကဖြစ်စေ လမ်းညွှန်ဦးဆောင်ပေးကြရသည်။ အိမ်ရှင်အပျိုအမျိုးသမီးအနေဖြင့် မိမိ၏အိမ် အလည်လာသော လူပျိုများအား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ လက်ခံစကားပြောပြီး ရေနွေးကြမ်၊ ကွမ်း၊ စားဘွယ်တစ်ခုခုဖြင့် ဧည့်ခံပေးရသည်။ လူပျိုလှည့် စကားပြောရန်မှာ နေအိမ်အတွင်းရှိ မီးဖိုနံဘေး၌ ဝိုင်းထိုင်၍ ပြောကြသည်က များသည်။ အချို့လည်း နေ့လယ်ယာလုပ်ငန်းခွင်များသို့ လှည့်လည်ကြသည်။ အမျိုးသားအနေဖြင့် အသက်(၁၆) နှစ် အရွယ်မှစ၍ လူပျိုလှည့်နိုင်ပြီး အမျိုးသမီးများအနေဖြင့် အသက်(၁၅) နှစ်တွင် အပျိုအဖြစ် သတ်မှတ်လေ့ရှိကြသည်။
လူပျိုအပျိုစကားပြောရာတွင် ရိုးရိုးပအိုဝ်းဘာသာစကားဖြင့်လည်းကောင်း စကားထာများဝှက်၍ လည်းကောင်း ပြောကြသည်။ လူပျိုအပျိုများ အာဝဇွန်း ကောင်းမကောင်းအပေါ် အခြေခံ၍ လူပျိုအပျို လှည့်ချိန်ကြာတတ်သည်။ အမျိုးသမီး၏ မိဘမောင်ဘွားများက လာရောက် ပိုးပန်းကြသော မည်သည့်လူပျိုများကိုမဆို ငြင်းပယ်တားမြစ်လေ့ မရှိကြပါ။ အမျိုးသား အမျိုးသမီးများ ဓလေ့ထုံးစံလူမှုရေး စည်းကမ်းများ ဖောက်ဖျက်ပါက ရွာသူရွာသားများ၏ ဝိုင်းကျဉ်ခြင်းကို ခံရတတ်သည်။ ကာလသား ကာလသမီးခေါင်းဆောင်များကို ဝန်ချတောင်းပန်ပြီး လက်ခံမှသာ ရွာအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုကြသည်။
အပျိုက လူပျို၏ ချစ်ခြင်းမေတ္တာကို လက်ခံသဘောတူလျှင် လက်ဆောင်ပစ္စည်း အထိမ်းအမှတ် တစ်ခုခုပေးနိုင်သည်။ နှစ်ဦးနှစ်ဖက် အခြေအနေ အချိန်အခါအရ နားဖောက်ပြီး စေ့စပ်ကြောင်းလမ်းမှုများ ပြုလုပ်ကြသည်။
မင်္ဂလာလက်ထပ်ပွဲ
အမျိုးသားနှင့် အမျိုးသမီး အချင်းချင်းမေတ္တာမျှကြသောအခါ အမျိုးသားမိဘနှင့် လူကြီးများက အမျိုးသမီးမိဘနှင့် လူကြီးများထံသို့ သွားရောက်စေ့စပ်ကြောင်းလမ်းကြသည်။ အမျိုးသမီးဘက်မှ မိဘများနှင့် ကာယကံရှင် သဘောတူကြလျှင် စေ့စပ်ကြောင်းလမ်းခြင်း အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် လက်ဆောင်တစ်ခုခု တင်ကြရပါသည်။
မင်္ဂလာလက်ထပ်ပွဲအတွက် နှစ်ဖက်သော မိဘများက ရက်ကောင်းရက်မြတ် ရွေး၍ ဆွေမျိုးမိတ်သင်္ဂဟ များအား ဖိတ်စာကမ်းကြသည်။ လက်ထပ်ပွဲများကို သတို့သမီးများ၏ နေအိမ်တွင် ကျင်းပပြုလုပ်သည်ကများသည်။
လက်ထပ်ပွဲတွင် ကန်တော့ပွဲသုံးပွဲ ပြင်ပေးရသည်။ နှစ်ဖက်သောမိဘများအား ကန်တော့ရန် ကန်တော့ပွဲ၊ ကျေးရွာကာလသား ခေါင်းဆောင် ကန်တော့ရန် ကန်တော့ပွဲနှင့် မင်္ဂလာပွဲလာပရိတ်သတ်များအား ကန်တော့ရန် ကန်တော့ပွဲ ဟူ၍ဖြစ်သည်။ ကန်တော့ပွဲတိုင်းတွင် စုံအရေအတွက်ဖြစ်သည့် ငါးချဉ်နှစ်ထုပ်၊ အလုံးရေစုံသော ငှက်ပျောသီး နှစ်ဖီး၊ လက်ဖက်အစုံ နှစ်ထုပ်၊ ဆေး နှစ်ထုပ်နှင့် ကွမ်းသီးကွမ်းရွက်များ ပြည့်ပြည့်စုံစုံ ထည့်ရသည်။
မင်္ဂလာအချိန်အခါကို နံနက်နေထွက်ချိန်မှ မွန်းတည့်ချိန်အထိ သတ်မှတ်လေ့ရှိကြသည်။ သတို့သား သတို့သမီးအရံများ ထားကြသည်။ သတို့သား သတို့သမီးအရံများသည် အပျိုလူပျိုများဖြစ်ရန်နှင့် မိဘအစုံအလင်ဖြစ်ရန်လိုသည်။ မင်္ဂလာလက်ထပ်ပွဲကို သက်ကြီးဝါကြီး အိမ်ထောင်စုံလင်သူ တစ်ဦးဦးက စတင်၍ လက်ထပ်ပေးရသည်။ သတို့သား သတို့သမီးများ၏ လက်တွင် ချည်ခင်စွပ် ဆုတောင်းလက်ဖွဲ့ပေးကြသည်။ ရွှေ၊ ငွေ၊ ပစ္စည်း အသုံးအဆောင်များ လက်ဖွဲ့ကြသည်။ နှစ်ဖက်သော ဆွေမျိုးများနှင့် ဧည့်သည်များအား ထမင်း၊ လက်ဖက်ရည် စသည့် စားဖွယ်သောက်ဖွယ်များဖြင့် ဧည့်ခံကျွေးမွေးကြသည်။ လက်ထပ်မင်္ဂလာပွဲ၏ ကုန်ကျစရိတ်များကို သတို့သားဖက်မှ အကုန်အကျခံသည်က များသည်။
ပအိုဝ်းကျေးလက်တောရွာများတွင် သတို့သား သတို့သမီးများကိုယ်တိုင် နှစ်ဖက်သော ဆွေမျိုးများထံ တစ်ရွာဝင် တစ်ရွာထွက် လိုက်လံကန်တော့ရသော မင်္ဂလာပွဲ အစဉ်အလာများလည်း ရှိပါသည်။

သမိုင်းထဲက ပအိုဝ်းများ (၄)

ပျူဖြစ်သော ပအိုဝ်း တိုင်းရင်းသားများသည် ပျူခေတ် ကတည်းကပင် တောင်ပေါ်မြေတွင် အစဉ်အဆက် နေထိုင်ခဲ့ကြသော ဇာတိသားများ ဖြစ်ကြောင်း လေးလေးနက်နက် သိနားလည် သင့်ပေသည်။ ဤသို့ ဖော်ပြရခြင်းမှာ တိုင်းရင်းသား လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကို အကျိုးမဲ့၊ ထိပါး၊ စော်ကားခြင်း မပြုစေလိုသောကြောင့် ဖြစ်သည်။ သမိုင်းအစဉ်အလာ ကြီးမားခဲ့သော ပအိုဝ်းတိုင်းရင်းသား များ၏ ဂုဏ်ကိုလည်း ယထာဘူတ ကျစွာ ထင်ရှားစေလို သောကြောင့်လဲ ဖြစ်သည်။

ပအိုဝ်း (ခေါ်) တောင်သူ၊ ကရင်တိုင်းရင်းသားများမှာ မြန်မာနိုင်ငံတွင် တောင်နှင့်မြောက်ဖြန့်၍ သထုံခရိုင်၊ ပခူးခရိုင်၊ တောင်ငူခရိုင်၊ ဘားအံခရိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ တောင်ကြီး၊ လွိုင်လင် မော်တော်ကားလမ်း တစ်လျှောက်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူတို့တွင် နေထိုင်ကြသည်။
————————————————————————————————————
(၁၉၄၂-ခုနှစ်၊ သန်းခေါင် စာရင်းအရ ယာယီအားဖြင့် ပအိုဝ်းကို ရှို(ပိုး)ကရင် အုပ်စုထဲတွင် ထည့်သွင်းခဲ့သည်။)
————————————————————————————————————
ဘားအံ၊ ကော့ကရိတ်ခရိုင်များတွင် ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးမြူသော ရှို(ပိုး)ကရင် အမျိုးသားများကို တွေ့ရခဲသည်။ ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးမြူသူ အများစုမှာ ပအိုဝ်းအမျိုးသားများသာ ဖြစ်သည်။ ဖါပွန်နယ်တွင် ရှမ်းများနှင့် စဝှော်(စကော)ကရင် အနည်းငယ်သာ ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးမြူသည်ကို တွေ့ရသည်။
ကရင်အမျိုးသားများအနက် ပအိုဝ်းအမျိုးသားများသာ လက်မှုပညာတွင် ထူးချွန်ကြသည်။ ယင်းပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများလည်း ရှိကြသည်။ အရှေ့ရှို(ပိုး) ကရင်ကျေးရွာများတွင် ပအိုဝ်းတို့သည် ပန်းပဲလုပ်ငန်း၊ လက်သမား၊ လွှသမား၊ အထက်ရက်၊ ဆေးဆိုးစသော လုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ရှေးခေတ် ပျူလူမျိုးတို့သည် ဟိနာယန ဗုဒ္ဓဘာသာဖြင့် ဗြဟ္မီအက္ခရာပွား အိန္ဒိယမြောက်ပိုင်း ကဒံဗ အက္ခရာကို ခရစ်နှစ်ငါးရာစုခန့်က စတင်အသုံးပြုခဲ့ပြီး မွန်တို့သည် ဗြဟ္မီအက္ခရာပွား အိန္ဒိယတောင်ပိုင်း ပလ္လ၀အက္ခရာကို ငါးရာစုခန့်တွင်ပင် စတင်သုံးစွဲခဲ့ ကြလေသည်။ မြန်မာတို့ကမူ ပျူ၊ မွန်နှစ်ဦးစလုံးထံမှ နည်းမှီလျက်၊ ၁၁ရာစုတွင် ယနေ့အသုံးပြုနေသော စာရေးနည်းပညာကို ရခဲ့ပေသည်။ ကရင်လူမျိုးတို့၏ အက္ခရာသည် ဗြဟ္မီ၊ ပျူ၊ မြန်မာအက္ခရာတို့မှ ဆင်းသက်ပြီး မြန်မာ အက္ခရာနှင့် အဖိုးတူ၊ အဖွားတူ အက္ခရာများ ဖြစ်ကြောင်း ဇစ်မြစ်ကို ပေါ်လွင်စေလိုကြောင်း လေ့လာမှတ်သားရသည်။
————————————————————————————————————
အချို့အာဏာပိုင်များက ပအိုဝ်းတိုင်းရင်းသား တို့အား ပိုးကရင် တိုင်းရင်းသားများနှင့် အမျိုးတူကြောင်း သတ်မှတ်လိုကြသည်။ ဘာသာစကားချင်း ဆင်တူသဖြင့် ယင်းသို့ သတ်မှတ်ခြင်း ဖြစ်နိုင်သည်။ အဆိုပါ လူမျိုးစုနှစ်ခုသည် ရိုးရာ၊ ဓလေ့များတွင်လည်း အတော်ပင် ဆင်တူကြောင်း အထောက်အထားများစွာ တွေ့ရသည်။
————————————————————————————————————
ပအိုဝ်းစကားနှင့် ပိုးကရင်စကားတို့မှာ တူလှသည်။ ကရင်စကားပြော မျိုးနွယ်စုတွင် ပအိုဝ်းစကားနှင့် အတူညီဆုံးမှာ ပဒေါင်(ကယန်း)စကား ဖြစ်သည်။ ပိုးကရင် တိုင်းရင်းသား အုပ်စုတွင် ပိုးကရင်အပြင် ပအိုဝ်းလူမျိုးများလည်း ပါဝင်သည်။ ၄င်းတို့ကို ရခိုင်ကမ်းမြောင် တစ်လျှောက်မှ မြိတ်အထိ တွေ့ရှိရသည်။
မြန်မာများက ၄င်းတို့ကို ကရင်တိုင်းရင်းသားများဟု သတ်မှတ်ခေါ်ဝေါ်သည်။ ၄င်းတို့၏ နေရင်းဇာတိမြေမှာ တီဟန်ချင်းနှင့် ခယင်ဒေသတို့ဖြစ်သည်။ ခယင်ကို သက္ကရာဇ် ၇၀၇-ခုနှစ် ရှမ်းများ သိမ်းပိုက်ခဲ့သည်။ ခယင်မှာ မြန်မာအသံထွက် ကရင်ကို ခေါ်ဝေါ်ပုံနှင့် အသံတူသည်။ (ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများ အကြောင်း- ဘာသာပြန် လက်နှိပ်စက်မှု၊ အမေရိကန်နိုင်ငံတော် နယ်ဘွဲ့လွန်မှ ကောက်နုတ်ချက်)။
ပအိုဝ်းများသည် ၄င်းတို့၏ သားချင်းညီအစ်ကို ကရင်တိုင်းရင်းသားနှင့် ခွဲထွက်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာကြလျက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေချ နေထိုင်လိုက်ခြင်းမှာ ကရင်များနှင့် နေသည်ထက် တိမ်မြှုပ်မှေးမှိန် သွားစေခဲ့သည်။ ရှေးသမိုင်း ဆရာများက ပအိုဝ်းတို့သည် မုတ္တမခရိုင် သထုံ၌ အဓိကထား နေထိုင်ခဲ့ကြပြီး မြောက်ပိုင်းဒေသ၌ ကျိုးတိုးကျဲတဲသာ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
ကရင်တိုင်းရင်းသားနှင့် ခွဲထွက်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာကြလျက် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင် လိုက်ခြင်းမှာ ကရင်များနှင့်အတူ နေသည်ထက် တိမ်မြှုပ်မှေးမှိန် သွားစေခဲ့သည်ဟူသော အဆိုမှာ ထိုစာတမ်းပြုစုသူ အမေရိကန် သာသနာပြု ၀ီလီယံ ဒန်းဟက်ကက်၏ တစ်ဖက်သတ် အမြင်သာ ဖြစ်လေသည်။ ပအိုဝ်း တိုင်းရင်းသားသည် သကျမျိုးရိုးနွယ် သာကီအဘိုးအဘေး ပျူလူမျိုးအဖြစ် ကြီးကျယ်ထင်ရှား ခဲ့ပြီးသား ဖြစ်သည်။
ဆက်လက်ဖော်ပြမည် ———>>>


သမိုင်းထဲက ပအိုဝ်းများ (၅)

လွိုင်လင်နှင့် ပင်လုံမြို့များ၏ အနောက်ဖက် တစ်ခိုတွင် တောင်တန်းညိုညိုကို မျက်စိတစ်ဆုံး တွေ့ရသည်။ ယင်းတောင်တန်း၊ တောင်စွယ်သည် ကယားနယ်စပ်မှ မိုင်းကိုင်နယ် အလွန်အထိ မိုင်နှစ်ရာခန့် သွယ်တန်းလျက်ရှိသော တောင်ကြောကြီး ဖြစ်သည်။ အရှေ့လွိုင်လင်၊ ပင်လုံဘက်မှ လှမ်းမျှော်လိုက်လျှင် တောင်ညှိုတစ်လျှောက်တွင် အပြောက်အပြောက် ထင်လျက်ရှိသော မြစိမ်းရောင် သနပ်ဖက်များကို တွေ့ရသည်။ ယင်းသနပ်ဖက် ခင်းများနှင့် မလှမ်းမကမ်းတွင် ဟိုတစ်စက်၊ သည်တစ်စက် အရောင်တလက်လက် ထနေသော ပအိုဝ်းရွာများကိုလည်း တွေ့ရသည်။ နေရောင်အောက်တွင် အိမ်မိုးသွပ်များ အရောင်ထွက်နေခြင်း ဖြစ်သည်။

ထိုတောင်တစ်ကြောတွင် မိုင်းကိုင်နယ်မှ ကယားနယ်စပ်အထိ သနပ်ဖက်ခြံကြီးများကို ပအိုဝ်း တိုင်းရင်းသားများကသာ လုပ်ကိုင်ကြသည်။ သနပ်ဖက် စိုက်ပျိုးရေးသည် ပအိုဝ်းတို့၏ မိရိုးဖလာ လုပ်ငန်းဟုဆိုက မှားအံ့မထင်။
————————————————————————————————————
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်အချိန်အထိ ပအိုဝ်းတိုင်းရင်းသားတို့ကို (တောင်သူလူမျိုး)ဟု ခေါ်သော်လည်း သန်းခေါင်စာရင်းတွင်မူ ကရင်လူမျိုးထဲတွင် ထည့်သွင်းထားသည်။ ၁၉၃၁-ခုနှစ် စာရင်းအရ ပအိုဝ်းလူဦးရေ (၁၉၂၁၀၈)ယောက် ရှိသည်။
နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားမှုများ ရှမ်းပြည်နယ်တွင် ပေါ်ပေါက်လာသောအခါ (ပအိုဝ်းလွောင်းဗူး) ဟူ၍ ပအိုဝ်းအမျိုးသား အစည်းအရုံး ပေါ်ပေါက်လာကာ တောင်သူများကို (ပအိုဝ်း)ဟု ခေါ်လာကြသည်။ ပအိုဝ်း ဟုခေါ်မှ ကြိုက်သည်။
————————————————————————————————————
တောင်ပေါ်မှ သနပ်ဖက်များကို လွိုင်လင်၊ ပင်လုံမြို့သို့ နွား၊ လား ၀န်တင်များဖြင့် သယ်ယူလာကြသည်။ အချို့မှာ တောင်တန်းတစ်ဘက်ရှိ မိုင်းပွန်မြို့သို့ သယ်ဆောင် သွားကြသည်။ ပင်လုံမြို့မှ (၆)မိုင်ခန့်သာ ဝေးသော မြေပြန့်ရှိ လွိုင်လင်မြို့ ကလေးမှာလည်း အရှေ့မြောက်ပိုင်းဆိုင်ရာ ဆပ်ဒီဝီဇံ ၀န်ထောက်တစ်ဦး၊ အရှေ့တောင်ပိုင်းဆိုင်ရာ ဆပ်ဒီဝီဇံ ၀န်ထောက်တစ်ဦး၊ လမ်းအရေးပိုင် တစ်ဦး၊ အစိုးရ ရဲဌာန၊ ဆေးရုံကြီး၊ ကျောက်ထိုးဘက် ကျန်းမာရေးဌာန၊ စာတိုက်နှင့် ကြေးနန်း၊ ကျောင်းဆရာ၊ ဆရာမတို့အပြင် နယ်ခြားစောင့် တပ်ခွဲတစ်ခွဲလည်း အမြဲတမ်းရှိသဖြင့် အမှုထမ်း၊ အရာထမ်း၊ စာရေးစာချီ ပျာတာများဖြင့် စည်ကားလျက်ရှိသည်။
ယခုအခါတွင်မူ လွိုင်လင်နှင့်ပင်လုံမှာ မြို့ချင်းဆက်လုနီးပါးမျှ စည်ကားနေပေပြီ။ ထိုစဉ်က ပင်လုံမြို့ကို အပိုင်စားလျက်ရှိသော လဲချားနယ် စော်ဘွားကြီးသည် သနပ်ဖက်တစ်ပင်ကို အခွန်တော် တစ်ပြားကျ စည်းကြပ်နေရာမှ နှစ်ပင်သုံးပြားနှုန်း မြှင့်တင်လိုက်သည်။ သို့ဖြင့် လောင်မီးကြီး စပေါတော့သည်။ ပတူအုံ တုတ်နှင့် ထိုးမိတော့သည်။
သနပ်ဖက်ခွန်ကို ကောက်မြဲထက် ပို၍တောင်းသည်မှာ မျက်နှာဖြူဝန်ထောက် အသစ် ကင်းစလေး (Kinsley)၏ လက်ချက်ဖြစ်သည်ဟု သနပ်ဖက်ခြံရှင်များက ယူဆသည်။ ၀န်ထောက်အသစ်မှာ ရောက်ခါစ ဖြစ်သည်။ ကင်းစလေး (Kinsley)သည် တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ ကျောင်းမှ ကျောင်းအုပ်ကြီးလုပ်နေခိုက် အရေးပေါ်အစီအစဉ်အရ လွိုင်လင်သို့ ၀န်ထောက်အဖြစ် ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ မျက်စိတစ်ဘက်လပ် နှင့်ဖြစ်သည်။ ဤသို့ အခွန်တိုးသည်မှာ ၀န်ထောက်ရုံးတွင် တွဲလျက်ရှိသူ စာရေးကြီး ဦးသာဒင်၏ ပယောက ဖြစ်သည်ဟုလည်း ပအိုဝ်းများက ယုံကြည်နေကြသည်။
ထို့ကြောင့် လွိုင်လင်အနောက်ဘက် တောင်တရိုးမှ သနပ်ဖက်ပအိုဝ်းများ လွိုင်လင်ဈေးနေ့တွင် အစုလိုက်အပြုံလိုက် ဆင်းလာကြသည်။ ဓါးလွယ်နှင့် ဓါးမြှောင်များ ၀ှက်ယူလာကြသည်။ ကြိုတင်အချိန်းအချက် ပြုလုပ်ထားကြသည့် အတိုင်း လွိုင်လင်ဈေးတွင် စုရုံးမိကြသောအခါ (ကင်းစလေး ခေါင်းဖြတ်မယ်၊ သာဒင် ခေါင်းဖြတ်မယ်)ဟု ကြွေးကြော်ကာ ဓါးတ၀င့်ဝင့်နှင့် ဈေးအရှေ့ဘက် လမ်းမကြီးပေါ်သို့ စုပြုံထွက်လာကြသည်။ ဈေးရောင်းဈေးဝယ်များ ပြေးမိပြေးရာ ကြောက်အားလန့်အား ဇွတ်ပြေးကြသဖြင့် ဈေးလည်းပြိုတော့သည်။
လွိုင်လင်မြို့သူကြီး ဦးခွန်ထွန်းသည် ဈေးအရှေ့ဘက် မလှမ်းမကမ်းတွင် နေသဖြင့် အခြေအနေကို ချက်ချင်းရိပ်စားမိသည်။ ဓါးလွယ်ကို ကောက်လွယ်ကာ မြင်းဒုန်းစိုင်းပြီး အဈေးအရှေ့ဘက်ရှိ နွားလှည်းစခန်းသို့ အရောက်လာခဲ့သည်။ ဆူပူအော်ဟစ် နေသူများကို ဖျောင်းဖျပြောဆိုရန် လူကြားထဲသို့အ၀င် ရုတ်တရက် အခုတ်ခံရသည်။ ဘယ်ဘက် လက်မောင်းရင်းမှ နေ၍ တိကနဲ ပြတ်သွားသည်။ ဦးခွန်ထွန်း ဓါးပြီးသည်ဟု နာမည်ကြီး နေ၍သာ ပအိုဝ်းများ နောက်ဆုတ်သွားကြသည်။ ပအိုဝ်း သုံးလေးယောက် ဒဏ်ရာ ရသွားသည်။
အချင်းဖြစ်ပွားရာသို့ မကြာမီ နယ်ခြားစောင့်တပ် လက်နက်များဖြင့် ရောက်လာသောအခါ လွိုင်လင်ဈေးအရှေ့ဘက်တွင် သွေးကွက်သွေးစက်များသာ တွေ့ရတော့သည်။ အင်္ဂလိပ် အရေးပိုင်က အထက်သို့ အစီရင်ခံရာတွင် (လက်ဖက်ရည် ပန်းကန်ထဲမှ မုန်တိုင်း) ဟု ခပ်ပေါ့ပေါ့ လုပ်လိုက်သော်လည်း ပအိုဝ်းဦးကြီး နှစ်ဆယ်ခန့် မြင်းခြံထောင်သို့ ရောက်သွား သည်ဟု အင်္ဂလိပ်ခေတ် ပအိုဝ်းတိုင်းရင်းသားတို့၏ လှုပ်ရှားမှုတစ်ရပ်ကို သိရှိနိုင်ပေသည်။ ပအိုဝ်းတိုင်းရင်းသား ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်များ၏ ရှင်းပြချင်နှင့် ကွဲလွဲမှု အနည်းငယ် ရှိသော်လည်း ထိုသို့ဖြစ်ပျက်ခဲ့ကြောင်း ထင်ရှားသည်။
ဖက်ဆစ်ဂျပန်ခေတ်တွင်လည်း နည်းပရိယာယ် အမျိုးမျိုးသုံးကာ ဖက်ဆစ်ဂျပန်များကို တိုက်ပွဲဆင်နွဲ ခဲ့ကြသည်။ တရုတ်ဖြူ ကျူးကျော်သူများကိုလည်း ပြည်သူ့စစ် အသွင်ဖြင့် ပါဝင်တိုက်ထုတ် မောင်းနှင်ကြသည်။ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့ပြီး ဖြစ်သော်လည်း ပအိုဝ်း တိုင်းရင်းသားများမှာ ပဒေသရာဇ်စနစ်ဆိုး၏ လွှမ်းမိုးချုပ်ချယ်မှု အောက်မှ လွတ်မြောက်ရန် ပဒေသရာဇ် စနစ်ဆိုးကို တွန်းလှန်ကြရ ပြန်လေသည်။
ဆက်လက်ဖော်ပြမည် —————–>>>

သမိုင်းထဲက ပအိုဝ်းများ (၆)

ခေတ်အဆက်ဆက်တွင် ပအိုဝ်း တိုင်းရင်းသားများသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ပီသစွာ ကျရာကဏ္ဍတွင် နိုင်ငံအရေးကို ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများနှင့်အတူ လက်တွဲ ပါဝင်ခဲ့ကြပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးတစ်ရာကျော် ရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားများသည် သတ္တမ လူဦးရေအများဆုံး ဖြစ်ကြောင်း အောက်ဖေါ်ပြချက်အရ သိရှိနိုင်သည်။
လူဦးရေ (၁၀,၀၀၀) အထက်ရှိ တိုင်းရင်းသား လူမျိုး (၃၅)မျိုးမှာ-
(၁) ဗမာ            ———————->   ၂၉ သန်း
(၂) ကရင်          ———————->   ၂ သန်း ၆ သိန်း
(၃) ရှမ်း            ———————->   ၂ သန်း ၃ သိန်း
(၄) ရခိုင်           ———————->   ၁ သန်း ၇ သိန်း
(၅) မွန်             ———————->   ၁ သန်းကျော်
(၆) ချင်း           ———————>     ၇ သိန်း ၈ သောင်း
(၇) ပအိုဝ်း         ———————>     ၆ သိန်း ၄ သောင်း
(၈) ကချင်         ———————>     ၃ သိန်း ၇ သောင်း

(၉) ပလောင်      ———————>     ၃ သိန်း ၃ သောင်း
(၁၀) ဓနု           ———————>    ၂ သိန်း ၄ သောင်း
(၁၁) လားဟူ     ———————>     ၁ သိန်း ၈ သောင်း
(၁၂) အင်းသား  ———————>      ၁ သိန်း ၄ သောင်း
(၁၃) လီဆူး      ———————>     ၁ သိန်း ၄ သောင်း
(၁၄) အခါ (ကော်၊ အီကော)  ——->    ၁ သိန်းကျော်
(၁၅) ဝ (လွယ်လ)  ——————>     ၁ သိန်းကျော်
(၁၆) ကိုးကန့်    ———————>      ၈ သောင်း တစ်ထောင်ကျော်
(၁၇) နာဂ         ———————>     ၇ သောင်း ၇ထောင်ကျော်
(၁၈) ကယန်း (ပဒေါင်) ————–>     ၇ သောင်း ၄ ထောင်ကျော်
(၁၉) ကယား     ———————>      ၇ သောင်းခန့်
(၂၀) ရဝမ်         ———————>     ၄ သောင်း ၄ ထောင်ကျော်
(၂၁) တောင်ရိုး   ———————>      ၄ သောင်း ၃ ထောင်ကျော်
(၂၂) မရို           ———————>    ၃ သောင်း ၆ ထောင်ကျော်
(၂၃) ခမွီး          ———————>    ၂ သောင်း ၅ ထောင်ကျော်
(၂၄) ဂဒူး (ကတူး)  ——————>     ၂ သောင်း ၃ ထောင်ကျော်
(၂၅) လော်ကော် (မရူ) —————>    ၂ သောင်း ၁ ထောင်ကျော်
(၂၆) လူရိုင်း      ———————>     ၁ သောင်း ၅ ထောင်ကျော်
(၂၇) ဂုံ (ခွန်)     ———————>     ၁ သောင်း ၄ ထောင်ကျော်
(၂၈) ဒိုင်းနက်    ———————>      ၁ သောင်း ၄ ထောင်ကျော်
(၂၉) ကယော (ပရဲ့) —————->     ၁ သောင်း ၄ ထောင်ကျော်
(၃၀) ဂဏန်း (ကနန်း)  ————–>    ၁ သောင်း ၂ ထောင်ကျော်
(၃၁) ပိုး           ———————>    ၁ သောင်း ၁ ထောင်ကျော်
(၃၂) လရှီ (လာဖစ်) —————–>     ၁ သောင်း ၁ ထောင်ကျော်
(၃၃) ကောဘား ———————>      ၁ သောင်း ၁ ထောင်ကျော်
(၃၄) ယင်းဘော် ——————–>       ၁ သောင်းကျော်
(၃၅) ယင်းနက် ———————>       ၁ သောင်းကျော်
စသည်တို့ ဖြစ်ကြသည်။ ထိုဖော်ပြချက်မှာ ၁၉၉၂-ခုနှစ် မတ်လ (၃၁)ရက် အထိရှိ စာရင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး အခန်းကဏ္ဍတွင် မြန်မာလူမျိုး ပအိုဝ်း တိုင်းရင်းသား များ၏ လူဦးရေအရ သတ္တမအင်အားစု ဖြစ်သည်နှင့်အညီ အင်ပြည့်အားပြည့် ပါဝင်တည်ဆောက် နိုင်ရေးသည် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ရပ်တည်နေမည် ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံဖွား တိုင်းရင်းသား မျိုးနွယ်တစ်ရာ ကျော်တို့သည် ဤမြန်မာ မြေပေါ်တွင် နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ အတူတကွ ဆိုးတူကောင်းဖက် လက်တွဲနေထိုင် ဆောင်ရွက်ခဲ့သူများ ဖြစ်ပါသည်။
နိုင်ငံတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲရေး စသည့်တာဝန်များကို သွေးချင်းညီနောင် များနှင့်အတူ ပအိုဝ်းတိုင်းရင်းသား များကလည်း မြန်မာနိုင်ငံသား ပီသစွာ ဦးထိပ်ပန်ဆင် ဆောင်ရွက် ကြမည်သာ ဖြစ်လေသည်။
တိုင်းရင်းသားတို့၏ အကြောင်းအရာတို့ကို သီးခြားဖော်ပြသော စာပေမှတ်တမ်း မှတ်ရာစာအုပ် များမှာ ရှားပါးလှပေသည်။ ထိုမှဤမှ ဖော်ပြထားသည့် ပအိုဝ်းဆိုင်ရာ အကြောင်းအချက် များကို ဟိုတစ်တို့ ဤတစ်တို့ နှိုက်နှိုက်ချွတ်ချွတ် ဖတ်မှတ်စုစည်း ယူရခြင်းဖြင့် ပအိုဝ်းသမိုင်း၏ လျှို့ဝှက်ဆန်းကြယ်မှု၊ လေးနက်ခိုင်မာမှုများကို အံ့သြဖွယ်ရာ တွေ့ရှိလာရသည်။
ပျူဖြစ်သော ပအိုဝ်းတိုင်းရင်းသား များသည် ယနေ့မြန်မာမြေပေါ်တွင် ရောက်ရှိနေထိုင် ခဲ့ကြသည်မှာ အစောဆုံးဖြစ်သည်။ မည်သည့် မြန်မာတိုင်းရင်းသားများသည် မည်သည့်ခေတ်နှစ်များက မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက်နေထိုင် ကြပါကြောင်း တိတိကျကျ ဖော်ပြသော မှတ်တမ်းမှတ်ရာများ မရှိသလောက် ရှားပါးပေသည်။ တစိမ့်စိမ့် ၀င်ရောက် နေထိုင်ခဲ့ကြ ပေမည်။ မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုး ပျူတို့၏ သမိုင်းရာဇ၀င်တွင် ကာလဒေသ အားဖြင့် ကွဲပြားစွာ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း လေ့လာတွေ့ရှိ နိုင်သည်။

သမိုင်းထဲက ပအိုဝ်းများ (၇)

ပျူလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်း၌ ဗိဿနိုးမြို့တော်ကို အေဒီ(၁)ရာစုတွင် တည်ဆောက်ခဲ့ ကြသည်။ ထိုအချိန်တွင် ယဉ်ကျေးမှု အဆင့်လည်း မြင့်မားနေပြီ ဖြစ်သည်။ ပျူတို့သည် (၁)ရာစုတွင် မြို့ပြနိုင်ငံကို ထူထောင်နိုင်ကြသဖြင့် ထိုထက်စောသော ကာလကပင် မြန်မာမြေပေါ်သို့ ရောက်ရှိနေပြီဟု ပြောနိုင်သည်။ ပျူတို့ ၀င်ရောက် လာချိန်ကို ဘီစီ(၃)ရာစု ဟူ၍ ခန့်မှန်းနိုင်သည်။
ပျူလူမျိုးများသည် အိန္ဒိယနိုင်ငံ၊ အာသံနှင့် အရှေ့မြောက်အရပ် ဒေသများမှ မြန်မာနိုင်ငံ အတွင်းသို့ အစုစုခွဲ၍ ၀င်ရောက်ခဲ့ကြဟန် တူသည်။ ၄င်းတို့သည် ကဘော်မြေပြန့်နှင့် တောင်ကြား အရပ်ဒေသများသို့ လည်းကောင်း၊ ရှေးဦးစွာ ၀င်ရောက် နေထိုင်ခဲ့ ကြလေသည်။ ယခုခေတ် မုံရွှာနှင့် ရွှေဘိုခရိုင် အရပ်များ၊ ကသာခရိုင်တောင်ဘက် ဒေသများသည် ပျူလူမျိုးများ၏ ရှေးဟောင်းအခြေချ နေထိုင်ခြင်းပြုရာ နေရာထိုင်ခင်း ဟောင်းများ ဖြစ်နိုင်စရာ ရှိပေသည်။ ထိုအရပ်ဒေသများ ကမှတစ်ဆင့် ပခုက္ကူ၊ မင်းဘူးနှင့် ပြည်၊ မြင်းခြံ၊ မိတ္ထီလာ၊ မကွေး၊ ရမည်းသင်း နယ်များအထိ တိုးချဲ့ပျံ့နှံ့ကာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်း (အခြေပြ မြန်မာ့နိုင်ငံရေး) သမိုင်း စာမျက်နှာ (၁၅၅)ကိုလည်း မှတ်သားရပါသည်။
ပျူလူမျိုးတို့၏ ဗဟိုဌာနကြီးများမှာ မြောက်ပိုင်းတွင် ဟန်လင်းနှင့် တောင်ပိုင်းတွင် သရေခေတ္တရာတို့ ဖြစ်ကြသော်လည်း အထက်မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ပင် ပျူတို့ ပျံ့နှံ့စွာ နေထိုင်ခဲ့ကြသည်။ ပုံဂံမြို့သည်ပင်လျှင် မဆွ၌ ပျူတို့၏ မြို့တော်ဖြစ်၍ နောင်မှသာ မြန်မာတို့က ပျူတို့ကို ဆက်ခံသိမ်းပိုက်ခဲ့သည်။ (မြ၀ဇီ၏ (ပျူစစ်သည်) စာမျက်နှာ၁၀)
သရောခေတ္တရာပျူ၊ ဗိဿနိုးပျူများထက် ရှေးကျသော ဟန်လင်းပျူများ၏ ရာဇ၀င်မှာလည်း မြန်မာရာဇ၀င် ကဏ္ဍ၌ တစ်ခန်းရပ် တိမ်မြှုပ် ပျောက်ကွယ်နေခဲ့ ရရှာသည်။ အမှန်အားဖြင့် ဆိုလျှင် ဟန်ဟင်းပျူသည် မြန်မာလူမျိုးတို့ ဟူ၍မဖြစ်ပေါ်မီ နှစ်ပေါင်း(၅၀၀၀) ကတည်းက ပင်လျှင် မြန်မာပြည်တွင်းသို့ ပထမဆုံး ၀င်ရောက်လာသော လူမျိုးစုတစ်မျိုးဖြစ်၍ သုဝဏ္ဏဘူမိ မွန်များနှင့် ဥက္ကလာပရာမည မွန်အမျိုးသားများထက် နှစ်(၄၀၀၀)ကျော်မျှ ရှေးကျလေသည်။ (မြ၀ဇီ၏ (ပျူစစ်သည်) စာမျက်နှာ ၄၄)
ခေတ္တရပ်နား သည် …. ဆက်လက်ဖော်ပြမည် ….. (^_^)

သမိုင်းထဲက ပအိုဝ်းများ (၈)

ဟန်လင်းကို ဗုဒ္ဓမပွင့်မီ နှစ်ပေါင်း ၂၀၀၀ (ဘီစီ ၂၅၀၀) လောက်တွင် ‘ကရဘော’ မည်သော ပျူလူမျိုးစုအကြီးအကဲက ဟန်လင်းမြို့ကို တည်ထောင်ပြီးလျှင် ‘ကရဘော’ ပျူမင်းဆက်ကို စတင်ခဲ့ကြောင်း ဟန်လင်းသမိုင်း၌ ဖော်ပြထားလေသည်။ ကရဘောမင်းဆက်မှာ မင်းဆက်ပေါင်း (၉၆) ဆက်၊ နှစ်ပေါင်း (၂၅၀၀) နီးပါးမျှ စိုးစံပြီးမှ ဂေါတမဘုရားခေတ်တွင် မဇ္ဈိမဒေသမှ ရောက်လာသော ‘သတိုးဇမ္ဗူဒီပရာဇာမင်း’ က တိုက်ခိုက်ဖြိုဖျက်ပြီး တကောင်းမြို့ တည်ထောင်လိုက်မှ ဟန်လင်းပျူမင်းဆက် ပြတ်သွားကာ မှော်ဇာဒေသတစ်ဝိုက် ပျူများ ဆင်းသက်နေထိုင်ကြလေသည်။ တကောင်းခေတ်ပျက်မှ မှော်ဇာအရပ်မှ ပျူများ ‘သရေခေတ္တရာမြို့’ နှင့် ‘ဗိဿနိုးမြို့’ ကို တည်ထောင်ကြကြောင်း အဆိုရှိ၏။ (မြဝဇီ၏ ‘ပျူစစ်သည်’ စာမျက်နှာ ၄၉)
ထိုအချက်အလက်များကို လေ့လာသုံးသပ် ကြည့်ပါက ပျူလူမျိုးများသည် ပြည်မှသည် အထက်မြန်မာပြည် တစ်ဝှမ်း၌သာ ဖြန့်ကျက် နေထိုင်ခဲ့ကြမည်ဟု ယူဆစရာဖြစ်နေပါသည်။ ပထဝီစာအုပ်ကြီးမှ ဖော်ပြသော မြို့ပျက်မြို့ဟောင်းစသည့် စကားလုံးအရ အောက်မြန်မာပြည် ဒေသများမှလည်း ပျူတို့၏ အခြေချ နေထိုင်ခဲ့ကြရာ ဒေသများပင် ဖြစ်ကြောင်း ထင်ရှားသော သက်သေသာဓကများ ရှိလေသည်။
ရှေးကျလှသော ဟန်လင်းပျူခေတ်ကပင်လျှင် ဟန်လင်းပျူတို့၏ နယ်ပယ်ဒေသများ၌ မြန်မာပြည် အောက်ပိုင်းဒေသများ ပါဝင်နေပေသည်။
ကရဘောမင်းဆက် (၅၁) ဆက်မြောက်မင်း လက်ထက်တွင် ပျူ (၁၂) ပြည်ထောင်မျှ ပေါ်ပေါက်လာပြီ ဖြစ်ကြောင်းတွေ့ရ၏။ ‘မွန်စောကိုက်’ ၏ သားတော် ‘ကိုက်သံရှင်’ မင်းကြီးတွင်မူ ပျူရာဇဝင် ထွန်းပြောင်စေမည့် ‘ရှင်ဆင်းမောက်’ အမည်ရှိ သမီးတော်တစ်ပါး ထွန်းကားလာ၍ ‘ရှင်ဆင်းမောက်’ ဘုရင်မ နန်းတက်သောအခါတွင်မူ အကွဲကွဲ အပြားပြားဖြစ်နေသော ပျူ (၁၂) ပြည်ထောင် အမည်များတွင် မှော်ဇာနှင့် တနသာင်္ရီဒေသအမည်များ တွေ့ရ၏။ ပျူ (၁၂) ပြည်ထောင် အမည်များမှာ-
(၁) ဟန်လင်းပြည်
(၂) ငမန္တာပြည်
(၃) အစီရီပြည်
(၄) မှော်ဇာပြည်
(၅) အေလောပြည်
(၆) မောပြည်
(၇) မိုးနဲပြည်
(၈) ပန်းတောင်းပြည်
(၉) ကျောက်ကရီးပြည်
(၁၀) တိန်မဲပြည်
(၁၁) ပိလင်းပြည်
(၁၂) တနသာင်္ရီပြည်…… များဖြစ်ကြောင်း တွေ့ရ၏။ (မြဝဇီ၏ ‘ပျူစစ်သည်’ စာမျက်နှာ ၄၉/၅၉)
ထိုပျူ (၁၂) ပြည်ထောင်၏ အမည်ကို ဤသို့ လည်းလေ့လာမှတ်သားရပါသေးသည်။ မြန်မာ့ရှေးဟောင်းကျမ်းများတွင် ပျူ (၁၂) ပြည်ထောင်ဟု ပြဆိုခဲ့သည်။ ယင်းတို့မှာ -
(၁) အေလိုပျူ
(၂) ဟန်လင်းပျူ
(၃) ကချင်ပျူ
(၄) ချင်းပျူ
(၅) အစီရီပျူ
(၆) မြန်မာပျူ
(၇) ကံဖိုးစပျူ
(၈) ကိုင်းရယ်ပျူ
(၉) ကလောက်ဂေးပျူ
(၁၀) တိမ်မယ်ပျူ
(၁၁) မှောဇာပျူ
(၁၂) တနသာင်္ရီပျူ တို့ဖြစ်ကြသည်။
ဆက်လက်ဖော်ပြမည် —————–>>>

သမိုင်းထဲက ပအိုဝ်းများ (၉)

မြန်မာသမိုင်းသုတေသနပြုချက် အရ ပျူလူမျိုးတို့၏ ရှေးဟောင်း မြို့တော်များအဖြစ် သရေခေတ္တရာ၊ ဟန်လင်း၊ တကောင်း၊ ဗိဿနိုး၊ ကျိုက္ကသာ၊ ဝေါ၊ ဝတီး၊ ဘမ်း စသောမြို့များသည် ထင်ရှား၏။ (ညောင်ခါးရှည်မှိုင်းဝေ ‘တရုတ်ရှေးဟောင်း မှတ်တမ်းတွင် ဖော်ပြသောပျူနိုင်ငံ လင်ယန်မှ ရဟန္တာ အရှင်မြတ်’ အမှတ် (၉၈) ဇန်နဝါရီ ၂၀၀၄ ထုတ် လပြည့်ဝန်းမဂ္ဂဇင်း စာမျက်နှာ ၁၂၊ ၁၃၊ ၁၄)
ပျူစောထီးမင်း လက်ထက်တွင် တရုတ်တို့ ထပ်မံလာရောက်၍ ဖျက်ဆီးသော်လည်း ပျူစောထီးမင်း၏ လုပ်ရည်ကြံရည်ကြောင့် တရုတ်တို့ ဆုတ်ခွာသွား ရသည်ဟုဆို၏။ အေဒီ (၈၀၀) ရာစုနှစ်တွင် ပျူလူမျိုးတို့က တရုတ်ပြည်ကြီးသို့ သံတမန်များ စေလွှတ်ကြောင်း တွေ့ရသဖြင့် ပျူဘုရင်သည် တရုတ်ပြည်၏ လက်အောက်ခံ မဟုတ်ဘဲ မဟာမိတ်နိုင်ငံအနေဖြင့် ဆက်ဆံကြောင်း ထင်ရှားသည်။

သာကီဝင် ပျူလူမျိုးများ ယနေ့ အိန္ဒိယနိုင်ငံ ရှေးက မဇ္ဈိမတိုင်းဒေသကြီးတွင် အခြေချ နေထိုင်ခဲ့ကြသော အထောက်အထားများလည်း ရှိပေလိမ့်မည်။ သက္ကတိုင်း၊ သကျနယ်သည် သာကီဝင်တို့၏ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း ထင်ရှားပြီးဖြစ်သည်။
ထိုခေတ်က မြန်မာတို့၏ နိုင်ငံတော် အကျယ်အဝန်းမှာ အနောက်ဘက်တွင် ဂင်္ဂါမြစ်၊ ဗြဟ္မပုတြမြစ်ဝှမ်းမှ အရှေ့ဘက်တွင် မဲခေါင်မြစ်ဝှမ်းအထိ ကျယ်ပြန့်သော ဒေသကြီးဖြစ်ပါသည်။ (‘ဗုဒ္ဓနှင့် မြန်မာလူမျိုး’ ဦးလှသိန်းထွဋ် (ဓမ္မာ စရိယ B.A) စာမျက်နှာ ၁၁)
တော်စိတ်ခို၏ (၁၉၀၈) ခုနှစ်အစီရင်ခံစာ စာမျက်နှာ (၁၄) တွင် Mr. Fergyson (ဖာဂတ်ဆန်) ရေးသားသော ‘အိန္ဒိယနှင့် အရှေ့တိုင်းဗိသုကာ’ သမိုင်းကျမ်း စာမျက်နှာ (၄၁၆-၄၁၇) ၌ သက္ကရာဇ် အေဒီ (၃၂၇-၄၇၃) အတွင်းနှစ်ပေါင်း (၁၄၆) နှစ်တာမျှ အိန္ဒိယပြည် Orissa သြရိဿ ဒေသ၌ နေထိုင်သွားသော အမျိုးအနွယ်မသိလူတို့၏ ကျောက်စာများ၊ ကျောက်ရုပ်တုများ၊ အုတ်ခွက်ပုံများနှင့် အထိမ်းအမှတ် အဆောက်အဦးများသည် သရေခေတ္တရာ မြို့မှ Pir (or) Pyu ရှေးပျူတို့နှင့် တူညီမှု ဆက်စပ်ဖော်ထုတ် နိုင်လိမ့်မည်ဟု ယူဆကြောင်းရေးခဲ့သည်။ (‘အခြေပြ မြန်မာ့ နိုင်ငံရေးသမိုင်း’ စာမျက်နှာ ၁၅၉)
ကမ္ဘာ့လူမျိုး အသီးသီးသည် ရေကြည်ရာ မြက်နုရာ ရှာဖွေနေထိုင်ခြင်း ရှိခဲ့ကြသည်။ အတည်တကျနေထိုင်ခြင်းဖြင့် မြို့ပြကျေးရွာများ ပေါ်ပေါက်လာကာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း နယ်မြေနိုင်ငံများ ပေါ်ပေါက်လာခဲ့သည်။ အချို့ ထင်ရှားကျော်ကြားပြီး ခိုင်မာသော မြို့ပြနိုင်ငံများကို စွန့်ပယ်ထားရစ်ခဲ့ပြီး တိမ်မြှုပ် ပျောက်ကွယ်သွားကြရသည့် အဖြစ်အပျက် များလည်း မနဲလှပေ။ ဂရိ၊ တောင်အမေရိကတိုက်ရှိ ပီရူးပြည်နယ် အင်ကာမြို့ဟောင်းရာများ၏ မူလဖန်တီး တည်ဆောက် ခဲ့ကြသောလူမျိုးတို့သည် မထင်ရှား တော့ပေ။ မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့ပြ အဆောက်အဦးတို့၏ မူလပိုင်ရှင်တို့သည် အများယူဆသကဲ့သို့ လုံးဝ တိမ်မြှုပ်ပျောက်ကွယ် သွားခဲ့ပြီဆိုသော ယူဆချက်သည် မခိုင်လုံလှပေ။
မြေပြို၍ လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်သည် ဆိုသောစကားသည် အဓိပ္ပါယ်လေးနက် ကျယ်ပြန့်လှ၏။ လွန်ခဲ့သော နှစ် (၈၀၀) ကျော် (၉၀၀) ခန့်က စာပေအရေးအသား အဆင့်အတန်းမြင့်စွာ ရေးထိုးစိုက်ထူခဲ့သော ဂူပြောက်ကြီး ခေါ် ရာဇကုမာရ် လေးဘာသာ၊ လေးမျက်နှာ ကျောက်စာထက်မှ ပျူဘာသာ စကားပိုင်ရှင်များ ထိုပျူဘာသာစကားပြော လူမျိုးများ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားသည် ဆိုသော အချက်မှာ ပေါ့တန်သောစကားဟု မှတ်ယူနိုင်ပါသည်။ စူးစမ်းသုသေသန ပြုမှုအားနည်းခြင်းနှင့် ဝန်တို မစ္ဆိရိယတရား ချယ်လှယ်ခြင်းခံရကာ ပျူလူမျိုးနှင့် ပျူအဆက်အနွယ် များအား ဥပေက္ခာပြု ဖျောက်ဖျက်ထားခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ဆက်လက်ဖော်ပြမည် —————>>

သမိုင်းထဲက ပအိုဝ်းများ (၁၀)

မွန်ဂိုလွိုက်မျိုးနွယ်များ မောင်းဂွတ်ခေါ် မွန်ဂိုးလီးယားကုန်းပြင်မြင့်မှ ရေကြည်ရာမြက်နုရာ ရှာဖွေပြောင်းရွှေ့ခဲ့ကြရာတွင် ပအိုဝ်းဖြစ်လာမည့် ပျူတိုင်းရင်းသား လူမျိုးများသည် တောင်ဘက် ဒေသသို့ အစောဆုံး ထွက်ခွာခဲ့ကြသူများ ဖြစ်သဖြင့် တောင်ဘက် အရပ်မှာ နေထိုင်ကြသူ တောင်သူဟု နောက်ကျန်ရစ်ခဲ့သော နောက်မှ လိုက်လံပြောင်းရွှေ့လာသော မွန်ဂိုလွိုက်များက ရည်ညွှန်းခေါ်ဆိုရင်း ပျူကို တောင်သူပအိုဝ်းဟု တွင်မည့်လာခဲ့ခြင်းဖြစ်ပေသည်။
ပအိုဝ်းအမျိုးသားများသည် မွန်ဂိုလီးယား ကုန်းပြင်မြင့် ‘အူကရိုဒေသ’ မှ လမ်းကြောင်းသုံးခွဖြင့် မြန်မာ့မြေပေါ်သို့ ဝင်ရောက်လာခဲ့ကြသည်။ အရှေ့ဘက်ဆုံးမှ ဆင်းသက်ရာလမ်းကြောင်းမှာ မဲခေါင် မြစ်ကြောင်းအတိုင်း၊ အလယ်လမ်းကြောင်းမှာ သံလွင်မြစ်ကြောင်းအတိုင်း နှင့် ဧရာဝတီ မြစ်ကြောင်းအတိုင်းတို့ဖြစ်သည်။
ထိုလမ်းကြောင်းများအတိုင်း ဝင်ရောက်လာခဲ့ကြရာတွင် သံလွင်နှင့် ဧရာဝတီကြား လာရှိုး တောင်စဉ် (Larsho Mountain Ring) တောင်ဘက်ဆုံး သီပေါအရှေ့တောင်ရှိ ‘ကောင်မင်ထွိုင်း’ တောင်ပေါ်တွင် ပျူမျိုးနွယ် ပအိုဝ်းတိုင်းရင်းသားများ အစဉ်အဆက် နေထိုင်လျက်ရှိကြောင်း သိရပါသည်။
ပျူ (သို့မဟုတ်) ပအိုဝ်းတိုင်းရင်းသားများသည် မွန်ဂိုလွိုက်မျိုးနွယ် တစ်မျိုးဖြစ်ပြီး ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရာ၌ တရုတ်ပြည် ကွေ့ချောင်နယ် တွင်လည်း အခြေချ နေထိုင်ခဲ့ဖူးသည်။ တရုတ်ဘုရင် ဂေါင်ချိန်က ညှဉ်းပန်းနှိပ်စက်လာသဖြင့် အုပ်စုသုံးစုဖြင့် မြန်မာပြည်တွင်းသို့ ရှေ့ရှုဝင်ရောက်လာခဲ့ကြသည်။ မဲခေါင်မြစ်အတိုင်း ဆင်းသက်သော အုပ်စုသည် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လောနှင့် ထိုင်းနိုင်ငံများတွင် အခြေချ နေထိုင်ရင်း နောက်မှ တစ်ချို့ တောင်ဘက်ဆီသို့ ထပ်မံပြောင်းရွှေ့သွားရင်း ယနေ့မြဝတီ နှင့် သထုံ သိကြသောဒေသသို့ ရောက်ရှိခဲ့ကြသည်။
တစ်ဖွဲ့မှာ ရွှေလီမြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ကြီးကျယ် ထင်ရှားသော တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ (မှော်ဇာ) မြို့ကြီးများကို ထူထောင်နိုင်ခဲ့ကြသည်။ ထို သရေခေတ္တရာမှလည်း သထုံနှင့် ဆက်သွယ်မိကြသည်။
ကျန်တစ်ဖွဲ့မှာ ယူနန်နယ်အတွင်း အခြေချနေထိုင်လျက်ရှိရာ တရုတ်နန်ချောင်တို့က ဝင်ရောက် သိမ်းပိုက်သဖြင့် ကြူကုတ်တောင်ကြားလမ်းမှ ယနေ့တောင်ပေါ်မြေဒေသသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ ကြရပြန်သည်။ ထိုနန်ချောင်များအား တရုတ်တို့က နှိပ်စက်တိုက်ခိုက်ပြန်သဖြင့် ပအိုဝ်းတို့ နေထိုင်ရာ တောင်ပေါ်ဒေသဆီသို့ နန်ချောင်ရှမ်းများ လိုက်ပါလာခဲ့ကြပြန်ရာ ပအိုဝ်းတစ်ချို့ တောင်ဘက်သထုံဒေသဆီသို့ ဆက်လက် ရွှေ့ပြောင်းသွားခဲ့ကြပြန်သည်။ ထို့ကြောင့် ကွေ့ချောင်နယ်မှ သုံးအုပ်စုကွဲကာ ဆုပ်ခွာလာခဲ့သော ပအိုဝ်းများသည် သံလွင်နှင့် စစ်တောင်းမြစ် ရှမ်းဒေသအကြားရှိ သထုံမြေတွင်ပြန်လည်ပေါင်းစည်းကာ သုဝဏ္ဏဘူမိသထုံပြည်ကြီးကို တိုးတက်စည်ပင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ (တပေါင်းလက်ဆောင် အမှတ် (၂၁) ဗိုလ်;ခံ; (သုဝဏ္ဏတိုင်း) ရေး စာမျက်နှာ (၈၆) ဘာသာပြန်)
ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လော၊ ထိုင်း နိုင်ငံဘက်မှ ရွှေ့ပြောင်းလာရာ လမ်းကြောင်းတွင် လည်းကောင်း သံလွင်နှင့် ဧရာဝတီကြား တောင်စဉ်တောင်တန်းများ အကြား လမ်းကြောင်း များတွင် လည်းကောင်း၊ ပျူ (သို့မဟုတ်) ပအိုဝ်းတိုင်းရင်းသားများ ကျန်ရစ် နေထိုင်ကြသည်ကို မမေ့အပ်ပေ

သမိုင်းထဲက ပအိုဝ်းများ (၁၁)

ဗိဿနိုး၊ သရေခေတ္တရာနှင့် သုဝဏ္ဏသထုံမြို့ကြီးများ ပျက်စီးခဲ့ရသောအခါတွင် ပျူပအိုဝ်းတို့သည် စစ်ဘေးစစ်ဒဏ် အခိုက်အတန့် ကင်းဝေးရာ တောင်ပေါ်မြေ ဒေသများဆီသို့ ပြေးဝင် ခိုလှုံခဲ့ကြမည်မှာ အမှန်မလွဲပါချေ။ တောင်ပေါ်မြေဒေသတွင် အခြေချ နေထိုင်ခဲ့ရင်းစွဲရှိ၍သာ မျိုးနွယ်တူများ စစ်ဘေးစစ်ဒဏ် သင့်လေတိုင်း လာရောက်ခိုအောင်းခွင့် ရနိုင်ကြခြင်းဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်တွင် သထုံကလေးဟု သမုတ်ခေါ်တွင်ပေးနိုင်ခဲ့ခြင်းမှာ သထုံကြီးခေါ် သုဝဏ္ဏဘူမိတိုင်း၏ လက်အောက်ခံ နယ်မြေဖြစ်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ တစ်ခြားသောသူတို့၏ နယ်မြေဖြစ်ပါက ပအိုဝ်းများအလွယ်တကူ အခြေချနိုင်ခဲ့ကြမည် မဟုတ်ပေ။ ခရစ်မပေါ်မီနှင့် ခရစ်ပေါ်ပြီး အေဒီ(၇)ရာစုအထိ ထိုဒေသများသည် ပျူတို့၏ ဒေသဖြစ်ကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသား မင်းတို့၏ ဗဟိုအာဏာစက်တည်ခဲ့ရာ မင်းနေပြည်တော်သည် သုဝဏ္ဏဘူမိခေါ် သထုံဖြစ်သည်။ သထုံနှင့် တကောင်းဆက်ဆံရေး သမိုင်းသက်သေ၊ တကောင်းကို နန်ချောင်တို့ ၀င်တိုက်ခိုက် ဖျက်ဆီးသဖြင့် ပျက်စီးခဲ့ရသကဲ့သို့ သထုံသို့လည်း ဆင်းတိုက်သဖြင့် ထိခိုက်နစ်နာခဲ့ရသည်။ ပအိုဝ်းတို့၏ သုဝဏ္ဏဘူမိသထုံ ပအိုဝ်းတိုင်းရင်းသားဟူသော အမည်နာမ စတင်ထင်ရှားလာသော ဘုံဌာနသည် သုဝဏ္ဏဘူမိခေါ် သထုံဒေသဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားများကို ရှေးကတောင်သူလူမျိုးများဟု လူသိများခဲ့သည်။ ပအူ၊ ပအို၊ ပွာအို၊ ဘအု၊ ဖအို၊ ပအု၊ ပအို့ စသည်ဖြင့် အမျိုးမျိုး ရေးသားမှတ်တမ်း တင်ခဲ့ကြသည်။ သုဝဏ္ဏဘူမိ၏ သမိုင်းဦးခေတ်သည် တောင်သူပအူလူမျိုးတို့၏ သမိုင်းဖြစ်သည်။ နှောင်းပိုင်းကာလသည် မွန်တို့ သြဇာလွှမ်းမိုးသောကာလ ဖြစ်ခဲ့သည်။
အေဒီ(၁၁)ရာစု အတွင်းတွင် လင်ဖွန်းမြို့သူ မြို့သားများက ကာလ၀မ်းရောဂါဆိုးကို ရှောင်တိမ်းရင်း သထုံဘက်သို့ ရောက်ခဲ့သည်ဟုဆို၏။ ထိုအချိန်တွင် သထုံကို ပုဂံမင်းများ အုပ်စိုးနေချိန်ဖြစ်ပြီး အဆင်ပြေမှုမရှိ၍ ဟံသာဝတီပဲခူးဘက်သို့ ဆက်လက်သွားရာ စကားချင်းတူညီသော လူမျိုးချင်းဖြစ်သဖြင့် ၎င်းတို့အား ပဲခူးမှ မွန်များက ကောင်းစွာကြိုဆိုဧည့်ခံ၍ နေရာပေးသည်ဆိုကြောင်း မှတ်တမ်းတစ်စောင်တွင် လောနှင့်လင်ဖွန်း စစ်ရေးဆိုရာ၌ လင်ဖွန်းမှလူများကို ရာမညတိုင်းရင်းသားဟု သုံးနှုန်းကြောင်းဟု ဖော်ပြသေးသည်။
ထိုကာလ၌ သုဝဏ္ဏဘူမိတွင် အုပ်စိုးသောမင်းမှာ မွန်လူမျိုးသက်သက် မဟုတ်မူဘဲ ပအိုဝ်းမွန်ကပြားဖြစ်သော အရမညရာဇာမင်းနှင့် မနုဟာမင်း လက်ထက်များ ဖြစ်ပေလိမ့်မည်။ ဥဿပဲခူးတွင် အားသာနေပြီးသော မွန်မင်းသည် ပဒေသရာဇ်ခေတ်စံနစ်၏ အစဉ်အလာအရ ဘုန်းတန်ခိုးကြီးမားနေသော ပုဂံပြည့်ရှင် အနော်ရထာမင်းထံ မွန်မင်းသမီးတော်အငယ် ခင်ဦးခေါ် မဏိစန္ဒာကို ဆက်သကာ ပုဂံနှင့်ဥဿာ ရွှေလမ်းငွေလမ်းခင်းခဲ့သည့် ကိစ္စမှာ ထင်ရှားပြီးဖြစ်သည်။ ထိုအခြေအနေမတိုင်မီ သထုံမနုဟာမင်းထံ ခင်ဦး၏အမတော် သီရိမာအား ဆက်သကာ ရွှေလမ်းငွေလမ်း ဖေါက်ထားပြီးဖြစ်သော်လည်း မွန်ပအိုဝ်း တိုင်းရင်းသားအရေးကိစ္စ မရှင်းမလင်း ဖြစ်နေသောကြောင့် လင်ဖွန်းမှ ရောက်လာသော မွန်များသည် သထုံ၌ အင်နှင့်အားနှင့် ၀င်ရောက်နေထိုင်ရန် အဆင်မပြေသောကြောင့် ပုဂံအင်အားကို ကျောထောက်နောက်ခံ  ပြုထားသော ဥဿာပဲခူးမင်းထံ သွားရောက်ပူးပေါင်းခြင်းသာ ဖြစ်လေသည်။
ဥဿာပဲခူးကို ဟံသာဝတီဟု လူသိများသည်။ ဟံသာဝတီဟု လူသိများလာသည်မှာ ဗညားဦးမင်း နန်းတက်သော ၁၄-ရာစုလောက်မှသာ ဖြစ်သည်။ ပုဂံနှင့် ခေတ်ပြိုင်ကာလကမူ ဟံသာဝတီ တည်ထောင်ခဲ့သော နေရာတွင် ဥဿာပဲခူးဟုတွင်ခဲ့သော မွန်နိုင်ငံထွန်းကားခဲ့သည်။ ထိုဥဿာပဲခူးမင်းသည် မွန်ခမာနယ်များထက်ပို၍ ပုဂံနှင့် သွေးစည်းရန် အားသန်သောကြောင့် ယခု ကမ္ဘောဒီးယား ဟုခေါ်သောနယ်မှ လာရောက်တိုက်ခိုက်သည့် ဂျွမ်းစစ်သည်တို့ကို နှိမ်နင်းပေးပါရန် ပုဂံသို့ စစ်ကူတောင်းခဲ့လေသည်။ ထိုဂျွမ်းစစ်သည်များကို သထုံသားတို့ တွန်းလှန်ပစ်နိုင်ခဲ့သော အကြောင်းကြောင့်လည်း ပုဂံသို့  ချဉ်းကပ်မူ အားပိုသာသွားရခြင်း ဖြစ်လေသည်။




သမိုင်းထဲက ပအိုဝ်းများ (၁၂)

အနော်ရထာမင်းမြတ် သထုံပြည်ကြီးကို တိုက်ရသည့် အဓိကအကြောင်းရင်းမှာ ပိဋကတ်သုံးပုံရလိုမှုဟု အသိများကြသည်။ ထိုတိုက်ပွဲအတွက် သရေခေတ္တရာသည် ပုဂံတပ်မတော်၏ အောက်ပြည်အောက်ရွာချီ ခရီးတွင် အတားအဆီး အခုအခံ ဖြစ်နေသည်မှာကြာပြီဖြစ်သည်။ ထို့ကြောင့် အနော်ရထာမင်းတရားသည် နန်းတတ်စ အချိန်ကပင် သရေခေတ္တရာသို့ ပုဂံတပ်များစေလွှတ်၍ သိမ်းသွင်းထားခဲ့သည်။ ပျူမင်းကို ထိန်းသိမ်းထားပြီး ပုန်ကန်တော်လှန်မည့် အခြေအနေ မဖြစ်ပေါ်စေရန် အောက်ခြေမှစ၍ ဖြိုချထားခဲ့သည်။ ထို့နောက် ပုဂံတပ်မတော်သည် သရေခေတ္တရာ၏ အရှေ့တောင်ဘက် (ယခုခေတ်မိုင် ၁၇၀ခန့်) တွင်ရှိသော ကြပင်း (က္လပင်း)သို့ ဆက်၍ချီသည်။ ကြပင်းဆိုသည်မှာ ယနေ့ တွံတေးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ ကန်ပဲ့ရွာအနီးမှာရှိသည်။ မြို့ရိုးမြို့တာနှင့် အခိုင်အခန့် ရှိခဲ့သော ရှေးခေတ်ဟောင်း မြို့တစ်မြို့ဖြစ်သည်။
ကြပင်းဆိုသည်မှာ သရေခေတ္တရာပျက်စဉ် ပျူအုပ်စုသုံးစုကွဲရာ တစ်အုပ်စုခိုဝင်ခဲ့သောအရပ် ဖြစ်သည်။ ကြပင်း(က္လပင်း)မှာ ဒလဟူသောစကားနှင့် အဓိပ္ပါယ်တူသည့် ပျူဝေါဟာရစကားဖြစ်သည်။ အောက်အရပ်ဒေသဟု ဆိုလိုသည်။ သထုံမှ တောင်သူလူမျိုးတို့၏ အခြေခံအင်အားစုများကို ကြိုတင်ဖြိုခွင်းသော အနော်ရထာမင်း၏ တိုက်ခိုက်မှု စွမ်းရည်ပြည့်ဝသော လုပ်ရပ်ဖြစ်လေသည်။
သထုံပျက်လေပြီ။ အနော်ရထာမင်းမြတ်သည် ပိဋကတ်တော်အစုံ(၃၀)ကို ဆင်ဖြူ (၃၂)စီးတွင်တင်၍ နေပြည်တော်ပုဂံသို့ ပင့်လေသည်။ ထို့ပြင် ပိဋကတ်တတ်သော သူတော်စင်အရိယာ တစ်ထောင် တို့ကိုပါပင့်ခဲ့သည်ဟု သမိုင်းကဆို၏။ ဤစစ်ပွဲတွင် မှတ်သားဖွယ်တစ်ချက်မှာ ပါဠိဘာသာကျမ်းစာများကိုသာ ယူဆောင်၍ ကျန်မွန်ဘာသာကျမ်းများကို မီးရှို့ခဲ့သည်ဟုဆိုသော အချက်ပင်ဖြစ်ပေသည်။ HTIN AUNG Dr Burmese Drama (Oxford: OUP 1956) Px1
ထိုဖြစ်စဉ်များကို လေ့လာသုံးသပ်ပါက အနော်ရထာ နန်းတတ်စကပင် သိမ်းသွင်းခဲ့သော သရေခေတ္တရာမှာ အရည်းကြီး ရဟန်းတို့ လှည့်ဖျားသော ကိစ္စကို ဖြေရှင်းရင်း တိုက်ခိုက်သိမ်းပိုက် ထားခဲ့သည်။ သခွက်ပင်ကြီး၏ အခေါင်းအတွင်း၌ “အရည်းကြီးသာသနာကျင့်စဉ်” ရေးသားထားသော ပေစာချပ်များ ကြိုတင်ထည့်သွင်းကာ အနော်ရထာအား လိမ်လည်သောအမှုဖြစ်သည်။ ထိုကျမ်းစာများမှာ ပျူဘာသာဖြင့် ရေးသားထားခြင်း ဖြစ်ပေလိမ့်မည်။ သထုံမှရသော ပိဋကတ်သုံးပုံမှာလည်း သီဟိုဠ်မှ အရှင်ဗုဒ္ဓဃောသ ရေးကူးခဲ့သော မာဂဓဘာသာကျမ်းများ ပါဝင်ပေလိမ့်မည်။ ထိုမာဂဓဘာသာကျမ်းများမှာ သထုံဒေသရှိ ပအိုဝ်းဖြစ်လာသည့် ပျူစာပေဖြင့် ရေးကူးလာခဲ့သော ကျမ်းများ ဖြစ်ပေမည်။
ဗုဒ္ဓမြတ်စွာ၏ သာသနာတော် သန့်စင်နိုင်ရေးအတွက် အရည်းကြီးကျမ်းလာ အရေးအသား အသုံးအနှုံးများနှင့် မရောစိမ့်သောဌါ ဗုဒ္ဓကျမ်းစာများကို သန့်စင်သစ်လွင်သော သီးခြားအရေးအသား အသုံးပြုနိုင်မည့် ဘာသာအသစ်တစ်ရပ်ကို အစားထိုး အသုံးပြုနိုင်ရန် ကြံစည်ဆောင်ရွက်ခဲ့ရမည် မလွှဲပေ။ ထို့ကြောင့်ပျူစာကို မျက်နှာလွှဲတော်မူပြီး သထုံရှိ ပအူပျူတို့နှင့် အနေကြိုနီးစပ်ခဲ့သော မွန်တို့၏ ပျူဘာသာ ပိဋကတ်တော်တို့ကို အဓိကထားခဲ့ပေလိမ့်မည်။ ထို့ကြောင့် အနော်ရထာစောလက်ထက်သည် အသွင်ကူးပြောင်းရေး ကာလဖြစ်သဖြင့် အင်နှင့်အားနှင့် ထုနှင့်ထည်နှင့် စာပေထွန်းကားသည်ဟု မဆိုသာပေ။ ကျန်စစ်သားမင်းလက်ထက်တွင် ရာဇကုမာရ၏ လေးဘာသာကျောက်စာကြောင့် မြန်မာစာ စတင်ထင်ရှားလာသော အထောက်အထားကို တွေ့ ရှိရသည်။


သမိုင်းထဲက ပအိုဝ်းများ (၁၃)

ရာဇကုမာရ၏ ဂူပြောက်ကြီး (မြစေတီ)ကျောက်စာတွင် ပျူဘာသာကို နေရာပေးဝံ့ခြင်းမှာ ရာဇကုမာရကိုယ်တိုင် ပျူသွေးမကင်း သောကြောင့်ဖြစ်သည်။ သူ့မိခင် သမထီးတူမ သမ္ဘူလမှာ ပအိုဝ်းတိုင်းရင်းသားတို့ အဆိုအရ လွယ်လုံ(ပင်လောင်း)သူ ဖြစ်ကြောင်း သိရသည်။ မွန်စာကို အဓိကထား နေရာပေးလေ့ရှိသော ခမည်းတော် ကျန်စစ်သားမင်းကြီး နတ်ရွာစံခါနီးအချိန်တွင် မယ်တော်သမ္ဘူလထံမှ ရရှိသော အမွေပစ္စည်းများကို ထုခွဲကာ ခမည်းတော် ကုသိုလ်ပွားစိမ့်သောငှါ ရွှေဆင်းထုတော်တစ်ဆူ ရေစက်သွန်းချ လှူဒါန်းပေးပြီး ဘုရားစေတီတည် ကိုးကွယ်ခဲ့လေသည်။ ထိုစေတီ၌ ပျူစာတစ်ဘက် ပါဝင်သော လေးဘာသာ လေးမျက်နှာ ကျောက်စာတိုင်များကို စိုက်ထူခဲ့လေသည်။
ပျူစာအရေးအသားမှာ ထိုကျောက်စာသည် နောက်ဆုံးဖြစ်သော အရေးအသားအဖြစ် အထောက်အထား ပြုကြသည်။ သထုံသည် တောင်သူပအူမင်းတို့ စိုးစံကြောင်း သိကြသော်လည်း ပျူလူမျိုးများသာဖြစ်ကြောင်း အထင်အရှားမပြဆိုခဲ့ကြပေ။ ပျူနိုင်ငံ၊ ပျူတိုင်းပြည်ဖြစ်သော သရေခေတ္တရာမှာ သုဝဏ္ဏဘူမိသထုံမှ သွားရောက်တည်ထောင်ခဲ့သော အဆိုရှိသည်။ ကျန်စစ်သားမင်း၏ ကျောက်စာအလိုအရ သရေခေတ္တရာမြို့ကို ပထမတည်ထောင်သူမှာ ဗိဿနိုးရသေ့ကြီး ဖြစ်သည်။ တည်ထောင်သောနှစ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူသောနှစ် သာသနာနှစ်(၁) ဖြစ်၏။ သာသနာနှစ်(၁၀၁)တွင် တည်သည်ဟုလည်း ယူဆချက်ကွဲလွဲမှု ရှိသည်။
သရေခေတ္တရာပျက်ခြင်း၌ ပျူနှင့် ကမ်းယံစစ်ဖြစ်၏။ စစ်ရှူံးသောကမ်းယံတို့ ပြေးပြီးသော် ပျူတို့  အချင်းချင်း စစ်ဖြစ်ကြပြန်၍ သုံးစုကွဲပြန်၏။ တစ်စုကို ကြပင်း(က္လပင်း) သူတို့ ယူလေ၏။ တစ်စုကို သက်တို့ ယူလေ၏။ တစ်စုကား တောင်ညိုဟူသော အရပ်တည်ထောင်၍ နေလေ၏။ (၃)နှစ်ရှိသောအခါ မွန်တို့က တိုက်ပြန်လေသောကြောင့် ပျက်ချေ၏။ ထိုမှ ပန်းတောင်း သက်သာအရပ်ကို တည်ထောင်နေပြန်လေ၏။ (၆)နှစ်ရှိလျှင် ကမ်းယံတို့က တိုက်ပြန်လေ၍ ပျက်ပြန်ချေ၏။ ထိုကမှ မင်းတုန်းမြို့ ကိုနေပြန်လေ၏။ မင်းတုန်းတွင် ရခိုင်တို့က တိုက်ပြန်၍ ပျက်ပြန်ချေ၏။ (၃)နှစ်နေမှ သက္ကရာဇ် ဆပဉ္စကိန်းဝင် (၂၉)နှစ်ဆယ့်ကိုးခုတွင် အရိမဒ္ဒနာမည်သော၊ ပြည်ကို သမုဒ္ဒရာဇ်မင်း တည်ထောင်စပြု၏။ (ဦးကုလား “မဟာရာဇ၀င်ကြီး” ပထမအုပ် မြန်မာသုတေသနအသင်း ၁၉၆၀ စာ ၁၃၄) ထိုမှ လျင်မြန်သန်မာသော ပျူခေါ်ရာမှ မြန်မာဖြစ်လာသည် ဆို၏။
သက္ကရာဇ်မင်းသည် သုပညာနဂရဆိန္န၏ တူဖြစ်သည်။ ပျဉ်းမနား၏ အနောက်မြောက်ဘက်ရှိ ရိုးမတောင် အရှေ့ ဘက်ရေလဲတွင် တောင်ညိုမြို့ကို တည်ရာသုံးနှစ်အကြာတွင် မွန်တို့ တိုက်သည့်အတွက် ပန်းတောင်းသက်သာ ရွှေ့ ခဲ့၏။ ခြောက်နှစ်အကြာတွင် ကမ်းယံတို့ တိုက်လာသဖြင့် မင်းတုန်းသို့ ပြောင်းရသည်။ တစ်ဖန် သုံးနှစ်အကြာတွင် ဓည၀တီက တိုက်သောကြောင့် ပုဂံဘက်သို့  ရောက်လာ၏။
          ထိုမှ သက္ကရာဇ် ၄၁၉-ခုနစ်တွင် နန်းတက်လာသော အနော်ရထာမင်းသည် သထုံသို့ စစ်ချီရင်း သရေခေတ္တရာကို ကြိုတင်တိုက်ခိုက် ဖျက်ဆီးထားနှင့်သည်။(အထက်၌ တင်ပြခဲ့ပြီးဖြစ်သည်။) သထုံ၏ လက်အောက်ခံ အခြေခံအင်အားဖြစ်သည့် ကြပင်း(က္လပင်း) ကိုလည်း ကြိုသိမ်းခဲ့ပြီးဖြစ်ရာ သထုံအင်အား လျော့ပါးခဲ့ပြီမှာ သေချာလေသည်။ ထို့ကြောင့် သထုံပြည်၏ ထာဝရသား ပအိုဝ်းတိုင်းရင်းသားတစ်ချို့သည် ခေါင်းဆောင်မဲ့လျက် အအုပ်အစီးကိုးဖွဲ့ ဖြင့် သထုံဒေသမှ တိမ်းရှောင်သွားခဲ့ကြသည်။ သထုံဘုရင်မနုဟာ (မကုဋ = မနုဟ၀်)၊ မိဖုရားခေါင်ကြီး နင်ဂလာဒေ၀ီ (နန်းမင်္ဂလာဒေ၀ီ)နှင့် အနုပညာရှင်များ၊ ရဟန်းသံဃာတော်များတို့သည် ဆင်ဖြူတော် (၃၂)စီးတွင် အစုံ(၃၀)သော ပိဋကတ်တော်များနှင့်အတူ ပုဂံသို့  ဆောင်ယူခြင်းခံခဲ့ရလေသည်။


မှတ်ချက်။     ။ယခုဖေါ်ပြခဲ့သောပအိုဝ်းသမိုင်းသည်ညီလေးခွန်ပအိုဝ်းဆိုက်မှ ကူးယူထားခြင်းဖြစ်ပါ သည်။

Monday, January 24, 2011

ကြေကွဲခြင်း သုတ

တပ်မက်ခြင်းဆိုတဲ့ ၀င်ကမ္ဘာမှာ
သံယောဇဉ်ဆိုတဲ့ဖျာကြမ်းလေးနဲ့
နွေးထွေးမှုဆိုတဲ့ ခါးရည်ဝိုင်းကိုချကာ
ချစ်တယ်ကြိုက်တယ်ဆိုတဲ့ မုသားအကပ်မာယာတွေပေါင်းစပ်ပြီး
မဟူရာစံအိမ်ကို ဖွဲ့ကြတာလည်း အမျိုးမျိုးပါပဲ။

အချစ်စွမ်းအားဆိုတဲ့ နျူကလီးယားထမ်းလျှက်
အခက်အခဲဆိုတဲ့ တောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီး
အမုန်းဆိုတဲ့ အချစ်ခရီးလမ်းက ရန်သူကို
အပြတ်ဖြိုချေမုန်းကာ
သာယာလှတဲ့ အချစ်စံအိမ်အောင်နိုင်မြေကို
ဒို့နှစ်ကိုယ်တူ အောင်လံထူကြမယ်ဟေ့ဆိုတာလဲ အမျိုးမျိုးပါပဲနော်။

အချစ်ဆိုတဲ့ ရာဇာဝင်သမိုင်းကျမ်းကြီးမှာ
မှန်ကန်မှုဆိုတဲ့ အောင်သပြေသစ္စာပန်းနဲ့
ယုံကြည်မှုဆိုတဲ့ နေပြည်တော်ကြီးကို ထူထောင်တာ တွေ့ဖူးလေသလား။

" mood" မပါ လင်္ကာမချော ဆိုတဲ့အဆိုကို
မုသားမပါ လင်္ကာမချောဆိုပြီး
ကိုယ့်သဘောနဲ့ကိုယ်ကိုက်ညီအောင်
 ကြံဆောင်နေကြတာလဲ အမျိုးမျိုးပါပဲနော်။

မြင်တဲ့အတိုင်းတွေ့တဲ့ အတိုင်းပါ
တာဝန်တိုင်းမဲ့နေကြတာ
အားလုံးတော့ မကျန်ပါဘူး
တစ်ချို့တစ်ချို့တွေက ပိုဆိုးတာ ဆိုတာလည်း အမျိုးမျိုးပဲနော်။

Thursday, January 20, 2011

တွေးထင်


အစဉ်ထာဝရ

ဘ၀င်အမြဲခနေလောက်အောင်

မင်းလေးကကြံဆောင်ခဲ့လေသလား။

သွားလေရာစခန်း

တွေ့လေရာပန်းပေါင်းများဟာလည်း

ထင်ယောင်ထင်မှားမင်းလေးလေလားပေါ့။

နေ့စဉ်သောက်စား

အဟာရများလည်း

မင်းလေးချက်ခဲ့လေသလားပါပဲ။

ကောင်းကင်တွေအပြည့်

ကြယ်စင်တွေကိုကြည့်ပြန်တော့လည်း

မင်းလေးပဲလားလို့ ထပ်ကာတွေးထင်။

အိပ်မ၀င်ခင်

ဂွတ်နှိုက်ဆိုတဲ့ မင်းလေးရဲ့သံစဉ်ချိုမြ

နာထင်ခ၀ါချလျှက်ပါ။

အရာရာမှာ

သူတကာထက်

စိုးမိုးနိုင်လွန်းလှသူလေးရယ်လို့

မခို့တရို့ပြစ်တင်ပစ်လိုက်မယ်နော်


     ဒေါင်းမင်းညို။

လူတိုင်းနဲ့ တန်တဲ့ စေတနာ

   အားလုံးလည်း ကြားဖူးနားဝရှိကြမယ်လို့ ယုံကြည်ပါတယ်။ ဘာတွေလဲ ဘာအကြောင်းအရာလဲ ဆိုတာကိုယ် ပိုင်ခေါင်းနဲ့ အရင်ဦးဆုံး မရ ရအောင် စဉ်းစားစေချင်သေးတယ်။  ကြားလည်း ရိုးအီနေအောင် ခေတ်ဆန်ဆန်ပြောရလျှင် ´´အမုန်းပဲ´´ ကြားဖူးကြပါပြီ။ ပဟေဠိလုပ်နေတယ် ပဟေဠိထုတ်နေတယ်လို့လည်း မထင်နဲ့နော်။     ပဟေဠိနန်းတော်လို ရုပ်မြင်သံကြားသတင်းဋ္ဌာနမှာ ထုတ်လွင့်နေတာမဟုတ်လို့ပဲပေါ့။ အဲဒါကြောင့် ပဟေဠိထုတ်တယ်လို့မထင်စေချင်တာပါ ။
   ကဲဗျာစိတ်မရှည်ချင်တော့ဘူး စလိုက်ရအောင် ဆိုပြီးကာမှပဲ စိတ်တော့မရှည်တတ်ပေမဲ့ လေရှည် ချင်တဲ့ဝါသနာက ဒို့မြန်မာတွေရဲ့ မိရိုးဖာလာဖြစ်နေလေတော့ ခွန်းတုံးလေးပေးလိုက်ရသေးတယ်။ ဘ၀င် ခိုက်အောင် နိဒါန်းဆောင်နိုင်မှ ပွဲကလှတဲ့ သာဓကတွေကလည်း ဒို့မြန်မာနိုင်ငံမှာ တစ်ခေတ် ရှေ့ပြေး တာ ကော။  ကဲဗျာ နားပူမျက်လုံးစပ်နေလောက်ပြီထင်တယ်။ 
                                              ဆိုလိုချင်တာက ´စေတနာဟာ လူတိုင်းနဲ့မတန်ဘူး´´ ဆိုတာပါပဲဗျာ။ ဟုတ်တယ်နော်ကြားဖူးနေပြီးသားပါ။  လောကမှာ လှုပ်ရှားသွားလာရင်းနဲ့ လူမှုရေး စီးပွားရေး ကြီးပွားရေး စတဲ့ခေါင်းစဉ်ကြီးသုံးခုအောက်မှာ alculator screen မျက်နှာပြင်ပေါ်မှာ မဆံ့ လောက်နိုင်လောက်အောင် ပင်လျှင် အရေးပေါင်းများစွာ ဖြာထွက်လာသေးတယ်ကောနော်။ ယင်းအရေးပေါင်းများစွာကြောင့် လူတွေ ဟာ ပေါင်းသင်းဆက်ဆံကြရတယ် ဖေးမကူညီကြရတယ် ထောက်ပံ့ကြရတယ် ပေးကမ်းကြရတယ်လို့ပဲ အကြမ်းဖျင်းအားဖြင့် ဆိုလိုက်မယ်လေ။ ဒီစကားလုံးကို မြင်သာထင်သာအောင် အလွယ်ကူဆုံးနဲ့ အရှင်းဆုံး ကိုပဲ သာဓကအနေနဲ့ မမာဆောင်ကြည်းကြတာပေါ့။
                               ဥပမာထားပါတော့ ကိုယ့်အခင်ဆုံး ကိုယ်အချစ်ဆုံး ပြောမနာဆိုမနာ သူငယ်ချင်း သို့မဟုတ် ချစ်ကျွမ်းဝင်သူတစ်ယောက်ယောက်ကို အထက်ကအရေးတွေကြောင့် စေတနာရှိလို့ ကူညီလိုက် တယ်ပေါ့။ ကိုယ်ကူညီခဲ့တဲ့ လူတစ်ယောက်ဟာ တစ်နေ့ကျတော့ ကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေကို လုပ်မယ်။ မဆိုင်တဲ့အပြောတွေပြောမယ်။ ထင်ရာစိုင်းနေမယ်။ အောင်မြင်သွားတဲ့အချိန်မှာ မတူမတန်ပြန်ပြီးဆက်ဆံ တယ်။ စသည် စသည်တွေ ပြန်လည်ကြုံတွေ့နေရလျှင် အဲသည်လိုအချိန်မျိုးမှာ စေတနာဟာ လူတိုင်းနဲ့မတန်ဘူးလို့ သုံးလာကြပါတယ်။ တစ်ကယ့်တစ်ကယ် နဖူးပေါ်မှာ ဒူးတင်ပြီး စဉ်းစားပြီး တွေးလျှင် တော့ဖြင့် မှန်နေသလိုလို။ ဒါပေမဲ့ဟာ နဖူးပေါ်မှာ ဒူးမတင်ပဲနဲ့ လက်တင်ပြီးစဉ်းစားပြီး ဥာဏ်နဲ့နှိုင်ယှဉ် လိုက်တဲ့အခါမှာကြတော့ မှန်သလိုလိုနဲ့မှားနေတယ်ဆိုတာ အတိအကျကို အဖြေထုတ်ရမှာပါ။ ဟုတ်တယ် နော် လူပင်မဆိုထားဘိ လောကသတ္တ၀ါအား နောက်ဆုံးအနေနဲ့ ပုရွက်ဆိပ်ကိုတောင်  ကူညီသင့် တာတွေချည်းပါပဲ ဆိုတာ ယူတို့မငြင်းလောက်ဘူးထင်တယ်။ ကူညီသင့်တဲ့လူ သတ္တ၀ါတွေကို ကူညီသင့် တဲ့ အရာဆိုပြီးမှ ကူညီခဲ့ခြင်းဖြင့် ဘာကြောင်းများ  ´` စေတနာနဲ့မတန်ဘူးလို့´´ ဆိုရက်လိုက်ပြန်လေတကား။  အံသြလို့ မဆုံးဘောင် တောသုံးထောင်ဆိုတဲ့ စာဆိုအတိုင်းပါပဲ။ အမှန်တော့ စေတနာဟာ လူတိုင်းနဲ့ မတန်တာ မဟုတ်ပါဘူး ။  လူတိုင်းအပေါ်မှာ စေတနာတို့ စာနာမှုတို့ ကင်းမဲ့နေရခြင်းရဲ့တရားခံပါပဲ။ အားလုံးပဲ ကိုယ်ဟာကို ပြန်လည်စဉ်းစားကြည့်ပေါ့ ´´ လူတိုင်းဟာ စေတနာနဲ့မတန်းဘူး´´ ဆိုတာလား   ငါဟာ လူတိုင်းအပေါ်မှာ စေတနာမထားတတ်တာလား ပေါ့။    လူတိုင်းဟာစေတနာနဲ့မတန်ဘူးလို့ပြစ်တင်ဝေဖန်ပြောဆိုသုံးနှုံးခံယူရမဲ့အစား  လူတိုင်းအပေါ်မှာ စေတနာထားတတ်အောင် လေ့ကျင့်ပျိုး ထောင် ကြပါလို့ တိုက်တွန်းရင်း။     
                                                                        ဒေါင်းမင်းညို။

Tuesday, January 18, 2011

" ရလဒ်လေးပါ ””

  •                                    အဆုံးအစမရှိတဲ့ ခရီးကို ထွာခွါခါနီးပြီမို့
  •                                           
                                                     နှမျောမှု မိုးကလည်း သဲသဲရွာလာ
                                                 
  •                                              ရွှေဘ၀င် ရွှေရင်ခွင် ရွှေစိတ် အစဉ်မှာဖြင့်
     
  •                                             အတိတ်က ဖြစ်ပျက်ခဲ့တဲ့ ပုံရိပ်ရပ်ဝန်းတွေ
     
  •                                         အကြိမ်ကြိမ် ထပ်ကာ မွှေနှောက်နေလေတော့
     
  •                                   စိတ်မခိုင် ယိမ်းယိုင် ကယောင်ချောက်ရှားမှုတွေအစုံနဲ့
     
  •                                            အားလုံးကို ပတ်ကာရမ်းကုန်မိတာပါ ။

Saturday, January 15, 2011

အတွေးအိမ်ကိုတူးဖေါ်ကြည့်ခြင်း


သူ သီဟိုဠ်ကိုရောက်လာတာ လေးလနီးပါးရှိခဲ့ပြီ။ သီဟိုဠ်မှာ  ” လွမ်းတတ်သူများ မလာရ ”   လို့များကျိန် စာရှိခဲ့လေသလားမသိ။ မြင်မြင်သမျှ အရာရာတိုင်းဟာ သူ့အတွက်လွမ်းစရာတွေချည်းချည်း ဖြစ်နေတော့ တယ်။ သစ်ပင်၊ တော၊ တောင်တွေကလည်း ရွာမှာရှိတဲ့ သစ်ပင်၊တော ၊တောင်စတာတွေနဲ့တစ်ပုံစံတည်း။ ကျောင်းရှေ့ကအုန်းပင်ကြီးကို မြင်ရပြန်တော့ အမေ့အိမ်ဝိုင်းထဲက ထိုးထိုးထောင်ထောင်အုန်းပင်တွေကို ပြေးမြင်ယောင် နေမိတယ်။ အဆိုတော်ဟန်ထူးလွင်ရဲ့ ” မယ်တင် ”  သီချင်းထဲကလိုပဲ အဖေနဲ့ အမေကို လည်း လွမ်းတယ်၊ ရွာဦးကျောင်းဆရာတော်ကိုလည်း လွမ်းတယ်၊ ရွာအလယ်ပိုင်းက အလှူပွဲတိုင်းမှာ ထ မင်းလိုက်ချက်ပေးတဲ့ ဦးမောင်လှ ကိုလည်း လွမ်းတယ်၊ အမေ့အိမ်က  နို့စားနွားမကြီး၊  ပြီးတော့ ၀က်က လေးတွေ၊ ကြက်ကလေးတွေအစုံပေါ့။  အို…လွမ်းလို့ရသမျှ အခကြေးငွေ မကုန်စတမ်း အကုန်လုံးလိုလို လွမ်းမိလွမ်းရာ လွမ်းနေတော့တာပါပဲ။  ဒီကြားထဲ ကိုဥသြက သိုက်မြုံဝေးတဲ့သီချင်းတွေကို တကျည်ကျ ည် ညည်းဆိုရင်း သူ့ကိုလှောင်နေသယောင်ယောင်။
             သူသီဟိုဠ်စရောက်တဲ့နေ့လေးကို ပြန်လည်အမှတ်ရနေမိတယ်။ 01,05,2010-ရက်နေ့ နံနက် (၂) နာရီ အချိန်ခန့် သူသီဟိုဠ်ကို  ခြေချမိလိုက်တယ်ဆိုရင်ပဲ အလွမ်းမင်းသားကြီး ကိုရွှေမိုးက မျက်ရည် လည်ရွှဲနဲ့ သူ့ကို ဆီးကြိုလို့နေလေရဲ့။ ရင်ထဲကို လှိုင်းတံပိုးတစ်ခုဝင်ရောက်လာတယ်။   တရိပ်ရိပ်တက် လာတဲ့ ရင်လှိုင်းခတ်သံတွေနဲ့ သူပျာယာခတ်လျက်ရှိနေစဉ် ပါးပြင်ထက်မှာ ရေစီးကြောင်းနှစ်ခုက ဘယ် သို့ဘယ်ပုံရောက်လာတယ် မပြောတတ်၊ ပိုင်စိုးပိုင်နင်းတစ်ဖက်စီနေရာယူထားကြလေရဲ့။ မိုးရေပက်တ ယ် ပြောရအောင်လည်း ကားတံခါး တွေက  ပိတ်ထားတာပဲ။ အို…သူမျက်ရည်တွေကျနေတာပါလား။
လူကြီးသူမတွေ ဆုံးမခဲ့တဲ့ ”ယောက်ျားဆိုတာ ဘယ်တော့မှ မျက်ရည်မကျရဘူး” ဆိုတာကို သူမေ့နေပြီ ထင်ပါရဲ့။ အေးလေ…သူဟာလည်း ကာမဘောင် အတွင်းမှာ ပျော်မွေ့နေတဲ့ လောကီသားတစ်ဦဆိုတော့ လွမ်းစရာရှိရင် လွမ်းနေရအုံးမှာပဲပေါ့။ သူ့ကို လာကြိုတဲ့ ဘေးနားကသူငယ်ချင်းတွေ မမြင်အောင် ကပျာ ကယာသုတ်ပစ်နေလေတော့တယ်။ ကိုရွှေမိုးကလည်း ဘယ်အငြိုးကြောင့်ရယ်မသိ တအိအိနဲ့ ရွာသွန်းနေ လိုက်တာ အဲဒီနေ့တစ်နေ့လုံး မတိတ်နိုင်ဘဲ ဆက်လက်သွန်ချနေလေတော့တယ်။
လွမ်းလို့ရသမျှတွေကို တစ်စစီဆွဲထုတ်ကာ ပုံဖေါ်ခံစားနေမိရင်း သီရိလင်္ကာနိုင်ငံရှိ မြန်မာကျောင်းတိုက် (၅)တိုက်ကိုတည်ထောင်တော်မူခဲ့တဲ့ကျေးဇူးတော်ရှင်ဘဒ္ဒန္တ၀ိနယာလင်္ကာရမထေရ်မြတ်ရေးစပ်ခဲ့တဲ့ကဗျာလေး  တစ်ပုဒ်က သူ့နှလုံးသားစိမ့်ဝင်လာပြန်တယ်။
-ညှို့မှိုင်းရယ်ဝေ တို့တိုင်းပြည်၊
မြန်မာလို ဟုတ်ပေဘု၊
-သမုဒ်ရေ အဏ္ဏ၀ါက ရံပတ်ခါဝိုင်း။
-ညှို့မှိုင်းရယ် ဝေသလေလေ
လှိုင်းမိုးရယ်စွေ၊
-ထက်ကောင်းကင် အဇဋာဗွေက
ဝဠာဟေ တိမ်တွေဖုံးပြန်တော့၊
-တို့တိုင်းပြည် ဒဂုံဘက်ကိုကွယ်
လွမ်းလျက်နေ့တိုင်း။
သူ ကဗျာလေးနောက်စီးမျောလိုက်ပါရင်း ဘယ်နှစ်ခေါက်မှန်းမသိ  ရွတ်ဆိုနေမိတယ်။ ကဗျာလေးက အ သက်ဝင်လှတာကြောင့် သူ့မှာဌာနေကိုသာမက ကဗျာပိုင်ရှင်ဆရာတော်ကြီးကိုပါ အောက်မေ့တမ်းတ နေမိတော့တယ်။ သြော်…ဆရာတော်ကြီးလည်း လောကီသားပေမို့ ဇာတိမြေကိုတော့ တမ်းတနေဦးမှာပဲ လို့ သူဆက်တွေးနေမိတယ်။
             နှလုံးသားဝိညာဉ်ရဲ့စိတ္တဇအလွမ်းတွေကြားမှာ ဦးတည်ရာမဲ့လွင့်မျောနေရာမှ အဖေနဲ့အမေဟာ နောက်ထပ်တစ်ကြိမ် သူ့အတွေးထဲဝင်လာပြန်တယ်။ ပုံရိပ်တွေနဲ့အတူ အဖေနဲ့အမေ ပြောခဲ့တဲ့စကားတွေ က သူ့နားထဲမှာ ပဲ့တင်ထပ်ကျလာတယ်။မီးဖိုချောင်ကထွက်လာတဲ့အမေက သူစာသင်သွားမယ် ဆိုတော့ “ ငါ့သား၊ ပညာရေးနဲ့ပတ်သက်လို့ကတော့ ဆုံးခန်းတိုင်အောင်သာလုပ်၊ အမေတို့ အားပေးတယ်၊  အမေ ဂုဏ်ယူတယ်ငါ့သား၊  ဒါမှငါ့သား-ဆိုပြီး အမေ့ရဲ့ ပတ်ဝန်းကျင်မှာ အမေလက်မ ထောင်ပြချင်တယ်သား။ အမေ သားကောင်းမိခင်တစ်ယောက်ဖြစ်ချင်တယ် ငါ့သားရယ်၊ အဲဒါကြောင့် အမေ့ရဲ့စကားတစ်ခွန်းကို တော့ ငါ့သား မှတ်ထားစေချင်တယ်၊ ” အခု ငါဘယ်ကို ရောက်နေတာလဲ?  ငါဘာဖြစ်ချင်တာလဲ?  အခု ငါဘာလုပ်နေတာလဲ?” ဆိုတဲ့မေးခွန်းတွေကို ငါ့သား အမေ့ကို သတိရတိုင်း ကိုယ့်ကိုယ်ကို မကြာခဏ ပြန်မေးကြည့်ပါ။
                       နောက်ပြီး လူတစ်ယောက်မှာ အရေးကြီးတာ တစ်ခုပဲရှိရတယ်။ ငါ့သားအတွက်ဘယ် အရာက  အရေးကြီးဆုံးလဲ-ဆိုတာကို ဆန်းစစ်ပါ။ ပြီးရင် အဲဒါကိုကျားကုတ်ကျားခဲ အောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်လိုက်ပါ။ သားနောက်မှာ အမေအမြဲတမ်းရှိနေတယ်။ အခက်အခဲတွေရှိလာရင် အမေ့ ကိုသာ သတိရလိုက်ပါ။ သားရဲ့အခက်အခဲတွေ ပြေလည်သွားပါလိမ့်မယ်။ ငါ့သားလေး ကျန်းမာချမ်းသာ ပါစေကွယ်“ ဆိုပြီး အမေဟာ သူ့နဖူးပြင်လေးကို နှုတ်ခမ်းတစ်စုံနဲ့ တယုတယ တို့ထိလို့နေပါတော့တယ်။
          တောထဲကနေပြန်လာတဲ့အဖေဟာ အပေါ်ပိုင်းဗလာကျင်းနဲ့ ပုဆိုးစုတ်ကလေးကို ပခုံးပေါ်တင်ပြီး သူ့အနားမှာ တင်ပလ္လင်ချိတ်ကာ ဆေးလိပ်သောက်ရင်း  ” ဒီမယ် ငါ့သား.. အဖေဟာ သားတို့လို ပညာ ကို ဆုံးခန်းတိုင်အောင် သင်ယူခွင့်မရခဲ့လို့ သားလောက်တော့ သိချင်မှသိမယ်။ ဒါပေမယ့်အဖေ သိသ လောက်လေးကိုတော့ဖြင့် သားကို မှာလိုက်ချင်စမ်းတယ် ငါ့သား။  ဇီဝဇိုးငှက်ကလေးတွေရဲ့သဘာဝကို ငါ့သားတစ်ချက်လောက်တွေးကြည့်ပါ။ သူတို့တွေဟာ ကောင်းကင်မှာ လေဟုန်ကို ထွင်းဖောက်ပြီး တိမ် ညွန့်တွေကို သွားရောက်စားသောက်တတ်ကြတယ်။ ပြီးတော့ သူတို့တွေဟာ ကျောက်ဆောင်၊ ကျောက် ကမ်းပါးတွေမှာ သူတို့ရဲ့အန်ဖတ်တွေနဲ့ အသိုက်လုပ်နေတတ်ကြတယ်။
အဖေတို့လူတွေဟာ သူတို့ရဲ့နှလုံးသွေးနဲ့တည်ဆောက်ထားတဲ့အသိုက်အမြုံကို အားဆေးအဖြစ် မှီဝဲခဲ့ကြတယ်။ တရားတယ်၊ မတရားဘူးဆိုတာကို အဖေမပြောလိုပါဘူး။ ပြောချင်တာက ဒီဇီဝဇိုးငှက်ငယ်တွေလို ငါ့သား အမြင့်ကို ပျံသန်းနိုင်သလောက် ပျံသန်းပါ။ နောက်ကိုလှည့်မကြည့်ပါနဲ့။ ” ငဲ့ရင် စောင်းတယ်” ငါ့သား။ အဖေတို့ကိုလည်း လှည့်မကြည့်နဲ့၊ ငါ့သားရဲ့အတိတ်ကိုလည်း ပြန်လည်ပြီး ခြေရာကောက်မနေနဲ့။ ဆိုတော့ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ရနိုင်သမျှရအောင်ယူခဲ့ပါ။
ကိုယ့်အတွက်ရလာတဲ့ အခွင့်တစ်ခုကို အရေးပါတဲ့သူတစ်ယောက် ဖြစ်အောင်စွမ်းဆောင်ခဲ့ပါ။ ပြီးရင် ကိုယ်နဲ့သင့်လျော်မယ့်နေရာတစ်ခုမှာ အခြေချနေထိုင်ပါ။  အဖေတို့လို အသိမကြွယ်သေးတဲ့ တောသူ တောင်သားတွေကို မျှဝေပေးပါ၊ လမ်းညွှန်ပေးပါ။ အဖေ သားကိုယုံတယ်။ ငါ့သားလုပ်နိုင်မှာပါ” လို့တတွတ်တွတ်မှာတမ်းတွေချွေနေရင်း အဖေဟာ စကားပြောရတာ မောသွားဟန် ထင်ပါရဲ့၊ သူ့ဆေးလိပ်တိုကိုသာ ဆက်လက်ရှိုက်ဖွာ နေလေတော့တယ်။
သူ့အတွေးထဲကို ပျံ့လွင့်လာတဲ့အဖေနဲ့အမေရဲ့စကားသံတွေက သူ့နှလုံးသားကိုလှုပ်နိုးလိုက်သလို ပါပဲ။ ဒါနဲ့သူဟာ အိပ်ယာထက်ကကုန်းရုန်းထပြီး အဖေနဲ့အမေရှိရာအရပ်ကိုရည်မျှော်မှန်းလျက် ”သားအဖေတို့၊ အမေတို့ရဲ့ မျှော်လင့်ချက်တွေကို မပျက်စေရပါဘူး။ အဖေတို့၊အမေတို့ရဲ့စကားကို သားအမြဲတမ်းနှလုံးသွင်း နေပါ့မယ်။ သားဟာအဖေတို့၊အမေတို့ရဲ့လက်ရုံးသဖွယ်“အား”ဖြစ်အောင်ကြိုးစားသွားမှာပါ။အဖေတို့အမေတို့ရဲ့ ၀န်ထုပ်ဝန်ပိုး “ကျား” မဖြစ်စေရပါဘူး။ သားကိုယ်မှာစီးဆင်းနေတဲ့ သွေးတွေဟာ အဖေတို့၊အမေတို့ရဲ့သွေးလို အမြဲတမ်းရဲရင့်နေမှာပါ။
သားပါးစပ်ဖျားလေးနဲ့ ကတိတွေပေးသွားတာမဟုတ်ပါဘူး။သားရဲ့နှလုံးသားကို သက်သေထူပြီး ပြောခဲ့တာပါအဖေနဲ့အမေ။ နှလုံးသားဟာ နှလုံးသားချင်းပဲစကားပြောတယ်-ဆိုတာအဖေတို့၊ အမေတို့သိပါတယ်။ အဖေတို့၊အမေတို့ရဲ့သားအပေါ်မှာ ထားတဲ့ယုံကြည်ချက်တွေကို သားအလွဲသုံးစား မလုပ် ပါဘူး။ သားဟာ နိုင်ငံ့ရဲ့သားကောင်းရတနာ မဖြစ်ခဲ့ရင်တောင် အဖေတို့၊အမေတို့ရဲ့ သားကောင်းရတနာ တော့  အမြဲတမ်းဖြစ်နေမှာပါ” လို့တိုင်တည် မြည်တမ်းနေမိပါတော့တယ်။
အဖေနဲ့အမေတို့ရဲ့ အအေးမြဆုံး ပီတိမျက်ရည်တို့ဖြင့် ရေးခြစ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို လူသားကမ္ဘာရဲ့ကြင်နာခြင်းပြတိုက်မှာ ချိတ်ဆွဲပြသနိုင်ဖို့ ကြိုးစားနေစဉ် သူနဲ့ရင်ဘတ်ချင်းထပ်တူကျတဲ့ သူငယ်ချင်းတစ်ယောကဆီကဖုန်းဝင်လာတယ်။သူလက်ခံလိုက်တယ်ဆိုရင်ပဲ”ဘယ်လိုလဲကိုယ့်လူ၊တာယာဖိနပ်နဲ့ပျာယာခတ်နေတုန်းပဲလား”တဲ့။”အေး…ဟုတ်တယ်။ငါ အခု ဒြဗ်မဲ့ထုထည်တစ်ခုကို အနားညီဗဟုဂံအဖြစ် ပုံသွင်းဖို့ ကြိုးစားနေတာ။ ဘ၀ဆိုတာကို တိုက်ပွဲတစ်ခုလို့ ငါမြင်မိတယ်။ ဆရာကြီး ဦးဗဂျီငိုပြောဖူးတဲ့စကားလေးတစ်ခွန်းရှိတယ်။ ”တစ်မိနစ်ဆိုသောအချိန်သည် အခြားသူတွေအတွက် မထူးခြား လှသော်လည်း တာဝေးပြေးသမားတစ်ယောက်အတွက် မိနစ်တိုင်း၊စက္ကန့်တိုင်းဟာ တန်ဖိုးရှိနေတယ်” တဲ့။ အခု ငါတို့ဟာလည်း တာဝေးသမားလိုပါပဲ။ငါတို့ရဲ့ပေးဆပ်မှုတွေက သိပ်ကိုများပြားလွန်းတယ်။ ငါတို့ပေးတာနဲ့ တန်ရာတန်ကြေးတော့ရမှဖြစ်မယ်ကိုယ့်လူ။ ငါတို့မှာအချိန်ကလည်း သိပ်မရှိဘူး။ ဆိုတော့ ငါတို့ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို သတိထားရမယ်။ ဘ၀ရဲ့လက်တွဲဖေါ်ဆိုတာ ပြောင်းလဲမှုတွေအပေါ်မှာ ခံနိုင်ရည်ရှိဖို့ပဲ။ ဘ၀မှာ အခက်အခဲတွေ၊ ရှုပ်ထွေးခြင်းတွေမကျရောက်ခဲ့ဘူးဆိုရင် အဲဒါနေပျော်တဲ့ဘ၀မဟုတ်တော့တာ သေချာတယ် ကိုယ့်လူ။ စိတ်ကူးတိုင်းသာ လှနိုင်မယ်ဆိုရင် ဘ၀မှာမျက်ရည်ဆိုတာ ဘယ်မှာရှိနိုင်ပါ့မလဲလေ”။
”အေး..ဟုတ်တယ်။ လူတစ်ယောက်ရဲ့အရည်အချင်းကို အဲဒီလူကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချမှတ်ပေးတာ။ ကိုယ့်ကိုယ်ကို လူညံ့တစ်ယောက်ပါလို့သတ်မှတ်ထားရင် အဲဒီလူဟာ လူညံ့တစ်ယောက်ပဲ ဖြစ်နေအုံးမှာပါ။ဒါကိုငါလုပ်နိုင်တယ် လို့တွေးထားခဲ့ရင်လည်း သူအကောင်းဆုံးဖြစ်အောင် စွမ်းဆောင်သွားနိုင်မှာပါ။ ကိုယ်ဘာလုပ် နိုင်သလဲ-ဆိုတာကို အရင်ဦးဆုံးသိဖို့လိုတယ်။ ကိုယ်လုပ်နိုင်တာကို သိပြီဆိုရင် ပထမဆုံးခြေလှမ်းကို မိမိရရလှမ်းနိုင် ရမယ်။ ခြေထောက်ဆိုတာ ရှေ့ကိုလှည့်ပေါက်တာလေ။ နောက်ကိုလှမ်းဖို့မဟုတ်ဘူး။ ရှေ့ကိုချီတက်ဖို့။ ကြာနီကန်ဆရာတော်ဦးဇဋိလရဲ့”ချစ်တော့ချစ်တယ် ဒါပေမယ့်”တရားတော်လို”သိတော့သိတယ် ဒါပေမယ့်” ဖြစ်နေခဲ့မယ်ဆိုရင်တော့ ဘ၀မှာရတာကခပ်ပါးပါး၊ ပေးရတာက ခပ်များများပဲဖြစ်နေမှာပါ။အခွင့်အရေးဆိုတာ အရည်အချင်းရှိမှ ရလာတတ်တဲ့သဘောရှိပါတယ်။ ကဲ …ကိုယ့်လူ ကိုယ်တော့စက္ကန့်တိုင်းတန်ဖိုးရှိစေဖို့ လုပ်သင့်လုပ်ထိုက်တာလေးတွေ လုပ်လိုက်အုံးမယ်”ဆိုပြီး ဖုန်းချသွားတော့တယ်။
နိပါတ်တော်ထဲက သိကြားမင်းက သူ့ရဲ့သားငပျင်းသုသိမကိုပြောခဲ့တဲ့စကားလေးကို သူသတိရ နေမိတယ်။”ချစ်သား သုသိမ၊ ဒီလောကမှာ မလုပ်ဘဲနဲ့ ချမ်းသာတဲ့နေရာများရှိလို့ရှိရင် အဲဒီနေရာကို မင်းအရင် ဆုံးသွားလိုက်ပါ၊ ပြီးရင် ငါ့ကိုလည်း လာခေါ်လှည့်ပါ”တဲ့။ သုသိမနတ်သားရှာနေတဲ့လမ်းကြောင်းကို လူတိုင်း လိုက်ချင်ကြတာပေါ့။ တစ်စုံတစ်ခုကိုလိုချင်ရင် တစ်စုံတစ်ခုကိုတော့ပေးဆပ်ရမှာပဲ။ ကိုယ်ကမပေးဘဲနဲ့ တော့ ဘယ်အရာကိုမှမျှော်လင့်လို့မရပါဘူး။ သရက်ပင်စိုက်ရင် သရက်သီးစားရမယ်-ဆိုတဲ့သီဝရီတစ်ခုလို ကိုယ်ဘယ်လောက်ထိပေးလိုနိုင်သလဲဆိုတဲ့ အချက်အပေါ်မှာမူတည်ပြီး ကိုယ်ရလာမှာပါ။ တဒင်္ဂဖြစ်ပေါ်လာတဲ့ ဆန္ဒတစ်ခုကိုအခြေခံပြီး အရူးတစ်ယောက်နှယ်လိုက်လုပ်နေခဲ့မယ်ဆိုရင်တော့မှောင်မိုက်မှာလောင်မြိုက်နေရုံက လွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
သူဟာ သူ့ကိုယ်သူ လူညံ့တစ်ယောက်ပါလို့တော့ မသတ်မှတ်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှ အထင်မကြီးခဲ့ သလို သူ့ကိုယ်သူလည်း အထင်မကြီးဘူး၊ ဘယ်သူ့ကိုမှအထင်မသေးဝံ့သလို သူ့ကိုယ်သူလည်း အထင်မသေး ပါဘူး။ ”မင်းဘက်ကကြည့်တော့ လက်ဖ၀ါး၊ ငါ့ဘက်ကကြည့်တော့ လက်ဖမိုး” ။ ကဲ… ဘယ်သူမှားတယ်လို့ ပြောမလဲ။ လုပ်စရာရှိတာကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့လိုတာပဲ။ ဒါ အမှန်တရားပဲလေ။ သူဟာ ဦးတည်ရာမဲ့လွင့်မျောနေတဲ့သူ့ရဲ့အတွေးတွေကို ထိန်းချုပ်လိုက်ပါတယ်။ အတွေးဟာ နည်းပြအဆင့်ပဲရှိတယ်။ ကစားသမားတစ်ယောက်မဟုတ်ဘူး။ နည်းပြရဲ့ထိန်းချုပ်မှုလမ်းကြောအတိုင်း လိုက်လျောညီထွေ လုပ်ဆောင်မှသာအောင်မြင်တဲ့ ဘ၀တစ်ခုကို ဆုပ်ကိုင်နိုင်မှာဖြစ်တယ်။ အတွေးဆိုတာ တကယ်တော့ သူ့ရဲ့အနာဂတ် ပုံရိပ်ကို ကြိုတင်ပြင်ဆင်ထားလိုက်ခြင်းပါပဲ။ ဒါ့ကြောင့် သူဟာ လက်တွေ့မဖြစ်သေးတဲ့ အတွေးတွေကို အကောင်အထည်ဖေါ်နိုင်ဖို့၊ အမေမျှော်မှန်းတဲ့ သားကောင်းတစ်ယောက်ဖြစ်ဖို့၊ အဖေမျှော်လင့်တဲ့ အရေးပါတဲ့သူတစ်ယောက်ဖြစ်ဖို့၊စိတ်ကူးရင်း စာအုပ်တစ်ချို့ကိုပွေ့ပိုက်ပြီး ဆန်းသစ်တဲ့ ခြေလှမ်းတွေနဲ့စာကြည့်တိုက်ဆီဦးတည်နေတဲ့သူ့ရဲ့စိတ်တွေဟာ လွတ်လပ်ပေါ့ပါးနေပါတော့တယ်။