Saturday, January 15, 2011

အတွေးအိမ်ကိုတူးဖေါ်ကြည့်ခြင်း


သူ သီဟိုဠ်ကိုရောက်လာတာ လေးလနီးပါးရှိခဲ့ပြီ။ သီဟိုဠ်မှာ  ” လွမ်းတတ်သူများ မလာရ ”   လို့များကျိန် စာရှိခဲ့လေသလားမသိ။ မြင်မြင်သမျှ အရာရာတိုင်းဟာ သူ့အတွက်လွမ်းစရာတွေချည်းချည်း ဖြစ်နေတော့ တယ်။ သစ်ပင်၊ တော၊ တောင်တွေကလည်း ရွာမှာရှိတဲ့ သစ်ပင်၊တော ၊တောင်စတာတွေနဲ့တစ်ပုံစံတည်း။ ကျောင်းရှေ့ကအုန်းပင်ကြီးကို မြင်ရပြန်တော့ အမေ့အိမ်ဝိုင်းထဲက ထိုးထိုးထောင်ထောင်အုန်းပင်တွေကို ပြေးမြင်ယောင် နေမိတယ်။ အဆိုတော်ဟန်ထူးလွင်ရဲ့ ” မယ်တင် ”  သီချင်းထဲကလိုပဲ အဖေနဲ့ အမေကို လည်း လွမ်းတယ်၊ ရွာဦးကျောင်းဆရာတော်ကိုလည်း လွမ်းတယ်၊ ရွာအလယ်ပိုင်းက အလှူပွဲတိုင်းမှာ ထ မင်းလိုက်ချက်ပေးတဲ့ ဦးမောင်လှ ကိုလည်း လွမ်းတယ်၊ အမေ့အိမ်က  နို့စားနွားမကြီး၊  ပြီးတော့ ၀က်က လေးတွေ၊ ကြက်ကလေးတွေအစုံပေါ့။  အို…လွမ်းလို့ရသမျှ အခကြေးငွေ မကုန်စတမ်း အကုန်လုံးလိုလို လွမ်းမိလွမ်းရာ လွမ်းနေတော့တာပါပဲ။  ဒီကြားထဲ ကိုဥသြက သိုက်မြုံဝေးတဲ့သီချင်းတွေကို တကျည်ကျ ည် ညည်းဆိုရင်း သူ့ကိုလှောင်နေသယောင်ယောင်။
             သူသီဟိုဠ်စရောက်တဲ့နေ့လေးကို ပြန်လည်အမှတ်ရနေမိတယ်။ 01,05,2010-ရက်နေ့ နံနက် (၂) နာရီ အချိန်ခန့် သူသီဟိုဠ်ကို  ခြေချမိလိုက်တယ်ဆိုရင်ပဲ အလွမ်းမင်းသားကြီး ကိုရွှေမိုးက မျက်ရည် လည်ရွှဲနဲ့ သူ့ကို ဆီးကြိုလို့နေလေရဲ့။ ရင်ထဲကို လှိုင်းတံပိုးတစ်ခုဝင်ရောက်လာတယ်။   တရိပ်ရိပ်တက် လာတဲ့ ရင်လှိုင်းခတ်သံတွေနဲ့ သူပျာယာခတ်လျက်ရှိနေစဉ် ပါးပြင်ထက်မှာ ရေစီးကြောင်းနှစ်ခုက ဘယ် သို့ဘယ်ပုံရောက်လာတယ် မပြောတတ်၊ ပိုင်စိုးပိုင်နင်းတစ်ဖက်စီနေရာယူထားကြလေရဲ့။ မိုးရေပက်တ ယ် ပြောရအောင်လည်း ကားတံခါး တွေက  ပိတ်ထားတာပဲ။ အို…သူမျက်ရည်တွေကျနေတာပါလား။
လူကြီးသူမတွေ ဆုံးမခဲ့တဲ့ ”ယောက်ျားဆိုတာ ဘယ်တော့မှ မျက်ရည်မကျရဘူး” ဆိုတာကို သူမေ့နေပြီ ထင်ပါရဲ့။ အေးလေ…သူဟာလည်း ကာမဘောင် အတွင်းမှာ ပျော်မွေ့နေတဲ့ လောကီသားတစ်ဦဆိုတော့ လွမ်းစရာရှိရင် လွမ်းနေရအုံးမှာပဲပေါ့။ သူ့ကို လာကြိုတဲ့ ဘေးနားကသူငယ်ချင်းတွေ မမြင်အောင် ကပျာ ကယာသုတ်ပစ်နေလေတော့တယ်။ ကိုရွှေမိုးကလည်း ဘယ်အငြိုးကြောင့်ရယ်မသိ တအိအိနဲ့ ရွာသွန်းနေ လိုက်တာ အဲဒီနေ့တစ်နေ့လုံး မတိတ်နိုင်ဘဲ ဆက်လက်သွန်ချနေလေတော့တယ်။
လွမ်းလို့ရသမျှတွေကို တစ်စစီဆွဲထုတ်ကာ ပုံဖေါ်ခံစားနေမိရင်း သီရိလင်္ကာနိုင်ငံရှိ မြန်မာကျောင်းတိုက် (၅)တိုက်ကိုတည်ထောင်တော်မူခဲ့တဲ့ကျေးဇူးတော်ရှင်ဘဒ္ဒန္တ၀ိနယာလင်္ကာရမထေရ်မြတ်ရေးစပ်ခဲ့တဲ့ကဗျာလေး  တစ်ပုဒ်က သူ့နှလုံးသားစိမ့်ဝင်လာပြန်တယ်။
-ညှို့မှိုင်းရယ်ဝေ တို့တိုင်းပြည်၊
မြန်မာလို ဟုတ်ပေဘု၊
-သမုဒ်ရေ အဏ္ဏ၀ါက ရံပတ်ခါဝိုင်း။
-ညှို့မှိုင်းရယ် ဝေသလေလေ
လှိုင်းမိုးရယ်စွေ၊
-ထက်ကောင်းကင် အဇဋာဗွေက
ဝဠာဟေ တိမ်တွေဖုံးပြန်တော့၊
-တို့တိုင်းပြည် ဒဂုံဘက်ကိုကွယ်
လွမ်းလျက်နေ့တိုင်း။
သူ ကဗျာလေးနောက်စီးမျောလိုက်ပါရင်း ဘယ်နှစ်ခေါက်မှန်းမသိ  ရွတ်ဆိုနေမိတယ်။ ကဗျာလေးက အ သက်ဝင်လှတာကြောင့် သူ့မှာဌာနေကိုသာမက ကဗျာပိုင်ရှင်ဆရာတော်ကြီးကိုပါ အောက်မေ့တမ်းတ နေမိတော့တယ်။ သြော်…ဆရာတော်ကြီးလည်း လောကီသားပေမို့ ဇာတိမြေကိုတော့ တမ်းတနေဦးမှာပဲ လို့ သူဆက်တွေးနေမိတယ်။
             နှလုံးသားဝိညာဉ်ရဲ့စိတ္တဇအလွမ်းတွေကြားမှာ ဦးတည်ရာမဲ့လွင့်မျောနေရာမှ အဖေနဲ့အမေဟာ နောက်ထပ်တစ်ကြိမ် သူ့အတွေးထဲဝင်လာပြန်တယ်။ ပုံရိပ်တွေနဲ့အတူ အဖေနဲ့အမေ ပြောခဲ့တဲ့စကားတွေ က သူ့နားထဲမှာ ပဲ့တင်ထပ်ကျလာတယ်။မီးဖိုချောင်ကထွက်လာတဲ့အမေက သူစာသင်သွားမယ် ဆိုတော့ “ ငါ့သား၊ ပညာရေးနဲ့ပတ်သက်လို့ကတော့ ဆုံးခန်းတိုင်အောင်သာလုပ်၊ အမေတို့ အားပေးတယ်၊  အမေ ဂုဏ်ယူတယ်ငါ့သား၊  ဒါမှငါ့သား-ဆိုပြီး အမေ့ရဲ့ ပတ်ဝန်းကျင်မှာ အမေလက်မ ထောင်ပြချင်တယ်သား။ အမေ သားကောင်းမိခင်တစ်ယောက်ဖြစ်ချင်တယ် ငါ့သားရယ်၊ အဲဒါကြောင့် အမေ့ရဲ့စကားတစ်ခွန်းကို တော့ ငါ့သား မှတ်ထားစေချင်တယ်၊ ” အခု ငါဘယ်ကို ရောက်နေတာလဲ?  ငါဘာဖြစ်ချင်တာလဲ?  အခု ငါဘာလုပ်နေတာလဲ?” ဆိုတဲ့မေးခွန်းတွေကို ငါ့သား အမေ့ကို သတိရတိုင်း ကိုယ့်ကိုယ်ကို မကြာခဏ ပြန်မေးကြည့်ပါ။
                       နောက်ပြီး လူတစ်ယောက်မှာ အရေးကြီးတာ တစ်ခုပဲရှိရတယ်။ ငါ့သားအတွက်ဘယ် အရာက  အရေးကြီးဆုံးလဲ-ဆိုတာကို ဆန်းစစ်ပါ။ ပြီးရင် အဲဒါကိုကျားကုတ်ကျားခဲ အောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်လိုက်ပါ။ သားနောက်မှာ အမေအမြဲတမ်းရှိနေတယ်။ အခက်အခဲတွေရှိလာရင် အမေ့ ကိုသာ သတိရလိုက်ပါ။ သားရဲ့အခက်အခဲတွေ ပြေလည်သွားပါလိမ့်မယ်။ ငါ့သားလေး ကျန်းမာချမ်းသာ ပါစေကွယ်“ ဆိုပြီး အမေဟာ သူ့နဖူးပြင်လေးကို နှုတ်ခမ်းတစ်စုံနဲ့ တယုတယ တို့ထိလို့နေပါတော့တယ်။
          တောထဲကနေပြန်လာတဲ့အဖေဟာ အပေါ်ပိုင်းဗလာကျင်းနဲ့ ပုဆိုးစုတ်ကလေးကို ပခုံးပေါ်တင်ပြီး သူ့အနားမှာ တင်ပလ္လင်ချိတ်ကာ ဆေးလိပ်သောက်ရင်း  ” ဒီမယ် ငါ့သား.. အဖေဟာ သားတို့လို ပညာ ကို ဆုံးခန်းတိုင်အောင် သင်ယူခွင့်မရခဲ့လို့ သားလောက်တော့ သိချင်မှသိမယ်။ ဒါပေမယ့်အဖေ သိသ လောက်လေးကိုတော့ဖြင့် သားကို မှာလိုက်ချင်စမ်းတယ် ငါ့သား။  ဇီဝဇိုးငှက်ကလေးတွေရဲ့သဘာဝကို ငါ့သားတစ်ချက်လောက်တွေးကြည့်ပါ။ သူတို့တွေဟာ ကောင်းကင်မှာ လေဟုန်ကို ထွင်းဖောက်ပြီး တိမ် ညွန့်တွေကို သွားရောက်စားသောက်တတ်ကြတယ်။ ပြီးတော့ သူတို့တွေဟာ ကျောက်ဆောင်၊ ကျောက် ကမ်းပါးတွေမှာ သူတို့ရဲ့အန်ဖတ်တွေနဲ့ အသိုက်လုပ်နေတတ်ကြတယ်။
အဖေတို့လူတွေဟာ သူတို့ရဲ့နှလုံးသွေးနဲ့တည်ဆောက်ထားတဲ့အသိုက်အမြုံကို အားဆေးအဖြစ် မှီဝဲခဲ့ကြတယ်။ တရားတယ်၊ မတရားဘူးဆိုတာကို အဖေမပြောလိုပါဘူး။ ပြောချင်တာက ဒီဇီဝဇိုးငှက်ငယ်တွေလို ငါ့သား အမြင့်ကို ပျံသန်းနိုင်သလောက် ပျံသန်းပါ။ နောက်ကိုလှည့်မကြည့်ပါနဲ့။ ” ငဲ့ရင် စောင်းတယ်” ငါ့သား။ အဖေတို့ကိုလည်း လှည့်မကြည့်နဲ့၊ ငါ့သားရဲ့အတိတ်ကိုလည်း ပြန်လည်ပြီး ခြေရာကောက်မနေနဲ့။ ဆိုတော့ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ရနိုင်သမျှရအောင်ယူခဲ့ပါ။
ကိုယ့်အတွက်ရလာတဲ့ အခွင့်တစ်ခုကို အရေးပါတဲ့သူတစ်ယောက် ဖြစ်အောင်စွမ်းဆောင်ခဲ့ပါ။ ပြီးရင် ကိုယ်နဲ့သင့်လျော်မယ့်နေရာတစ်ခုမှာ အခြေချနေထိုင်ပါ။  အဖေတို့လို အသိမကြွယ်သေးတဲ့ တောသူ တောင်သားတွေကို မျှဝေပေးပါ၊ လမ်းညွှန်ပေးပါ။ အဖေ သားကိုယုံတယ်။ ငါ့သားလုပ်နိုင်မှာပါ” လို့တတွတ်တွတ်မှာတမ်းတွေချွေနေရင်း အဖေဟာ စကားပြောရတာ မောသွားဟန် ထင်ပါရဲ့၊ သူ့ဆေးလိပ်တိုကိုသာ ဆက်လက်ရှိုက်ဖွာ နေလေတော့တယ်။
သူ့အတွေးထဲကို ပျံ့လွင့်လာတဲ့အဖေနဲ့အမေရဲ့စကားသံတွေက သူ့နှလုံးသားကိုလှုပ်နိုးလိုက်သလို ပါပဲ။ ဒါနဲ့သူဟာ အိပ်ယာထက်ကကုန်းရုန်းထပြီး အဖေနဲ့အမေရှိရာအရပ်ကိုရည်မျှော်မှန်းလျက် ”သားအဖေတို့၊ အမေတို့ရဲ့ မျှော်လင့်ချက်တွေကို မပျက်စေရပါဘူး။ အဖေတို့၊အမေတို့ရဲ့စကားကို သားအမြဲတမ်းနှလုံးသွင်း နေပါ့မယ်။ သားဟာအဖေတို့၊အမေတို့ရဲ့လက်ရုံးသဖွယ်“အား”ဖြစ်အောင်ကြိုးစားသွားမှာပါ။အဖေတို့အမေတို့ရဲ့ ၀န်ထုပ်ဝန်ပိုး “ကျား” မဖြစ်စေရပါဘူး။ သားကိုယ်မှာစီးဆင်းနေတဲ့ သွေးတွေဟာ အဖေတို့၊အမေတို့ရဲ့သွေးလို အမြဲတမ်းရဲရင့်နေမှာပါ။
သားပါးစပ်ဖျားလေးနဲ့ ကတိတွေပေးသွားတာမဟုတ်ပါဘူး။သားရဲ့နှလုံးသားကို သက်သေထူပြီး ပြောခဲ့တာပါအဖေနဲ့အမေ။ နှလုံးသားဟာ နှလုံးသားချင်းပဲစကားပြောတယ်-ဆိုတာအဖေတို့၊ အမေတို့သိပါတယ်။ အဖေတို့၊အမေတို့ရဲ့သားအပေါ်မှာ ထားတဲ့ယုံကြည်ချက်တွေကို သားအလွဲသုံးစား မလုပ် ပါဘူး။ သားဟာ နိုင်ငံ့ရဲ့သားကောင်းရတနာ မဖြစ်ခဲ့ရင်တောင် အဖေတို့၊အမေတို့ရဲ့ သားကောင်းရတနာ တော့  အမြဲတမ်းဖြစ်နေမှာပါ” လို့တိုင်တည် မြည်တမ်းနေမိပါတော့တယ်။
အဖေနဲ့အမေတို့ရဲ့ အအေးမြဆုံး ပီတိမျက်ရည်တို့ဖြင့် ရေးခြစ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို လူသားကမ္ဘာရဲ့ကြင်နာခြင်းပြတိုက်မှာ ချိတ်ဆွဲပြသနိုင်ဖို့ ကြိုးစားနေစဉ် သူနဲ့ရင်ဘတ်ချင်းထပ်တူကျတဲ့ သူငယ်ချင်းတစ်ယောကဆီကဖုန်းဝင်လာတယ်။သူလက်ခံလိုက်တယ်ဆိုရင်ပဲ”ဘယ်လိုလဲကိုယ့်လူ၊တာယာဖိနပ်နဲ့ပျာယာခတ်နေတုန်းပဲလား”တဲ့။”အေး…ဟုတ်တယ်။ငါ အခု ဒြဗ်မဲ့ထုထည်တစ်ခုကို အနားညီဗဟုဂံအဖြစ် ပုံသွင်းဖို့ ကြိုးစားနေတာ။ ဘ၀ဆိုတာကို တိုက်ပွဲတစ်ခုလို့ ငါမြင်မိတယ်။ ဆရာကြီး ဦးဗဂျီငိုပြောဖူးတဲ့စကားလေးတစ်ခွန်းရှိတယ်။ ”တစ်မိနစ်ဆိုသောအချိန်သည် အခြားသူတွေအတွက် မထူးခြား လှသော်လည်း တာဝေးပြေးသမားတစ်ယောက်အတွက် မိနစ်တိုင်း၊စက္ကန့်တိုင်းဟာ တန်ဖိုးရှိနေတယ်” တဲ့။ အခု ငါတို့ဟာလည်း တာဝေးသမားလိုပါပဲ။ငါတို့ရဲ့ပေးဆပ်မှုတွေက သိပ်ကိုများပြားလွန်းတယ်။ ငါတို့ပေးတာနဲ့ တန်ရာတန်ကြေးတော့ရမှဖြစ်မယ်ကိုယ့်လူ။ ငါတို့မှာအချိန်ကလည်း သိပ်မရှိဘူး။ ဆိုတော့ ငါတို့ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို သတိထားရမယ်။ ဘ၀ရဲ့လက်တွဲဖေါ်ဆိုတာ ပြောင်းလဲမှုတွေအပေါ်မှာ ခံနိုင်ရည်ရှိဖို့ပဲ။ ဘ၀မှာ အခက်အခဲတွေ၊ ရှုပ်ထွေးခြင်းတွေမကျရောက်ခဲ့ဘူးဆိုရင် အဲဒါနေပျော်တဲ့ဘ၀မဟုတ်တော့တာ သေချာတယ် ကိုယ့်လူ။ စိတ်ကူးတိုင်းသာ လှနိုင်မယ်ဆိုရင် ဘ၀မှာမျက်ရည်ဆိုတာ ဘယ်မှာရှိနိုင်ပါ့မလဲလေ”။
”အေး..ဟုတ်တယ်။ လူတစ်ယောက်ရဲ့အရည်အချင်းကို အဲဒီလူကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချမှတ်ပေးတာ။ ကိုယ့်ကိုယ်ကို လူညံ့တစ်ယောက်ပါလို့သတ်မှတ်ထားရင် အဲဒီလူဟာ လူညံ့တစ်ယောက်ပဲ ဖြစ်နေအုံးမှာပါ။ဒါကိုငါလုပ်နိုင်တယ် လို့တွေးထားခဲ့ရင်လည်း သူအကောင်းဆုံးဖြစ်အောင် စွမ်းဆောင်သွားနိုင်မှာပါ။ ကိုယ်ဘာလုပ် နိုင်သလဲ-ဆိုတာကို အရင်ဦးဆုံးသိဖို့လိုတယ်။ ကိုယ်လုပ်နိုင်တာကို သိပြီဆိုရင် ပထမဆုံးခြေလှမ်းကို မိမိရရလှမ်းနိုင် ရမယ်။ ခြေထောက်ဆိုတာ ရှေ့ကိုလှည့်ပေါက်တာလေ။ နောက်ကိုလှမ်းဖို့မဟုတ်ဘူး။ ရှေ့ကိုချီတက်ဖို့။ ကြာနီကန်ဆရာတော်ဦးဇဋိလရဲ့”ချစ်တော့ချစ်တယ် ဒါပေမယ့်”တရားတော်လို”သိတော့သိတယ် ဒါပေမယ့်” ဖြစ်နေခဲ့မယ်ဆိုရင်တော့ ဘ၀မှာရတာကခပ်ပါးပါး၊ ပေးရတာက ခပ်များများပဲဖြစ်နေမှာပါ။အခွင့်အရေးဆိုတာ အရည်အချင်းရှိမှ ရလာတတ်တဲ့သဘောရှိပါတယ်။ ကဲ …ကိုယ့်လူ ကိုယ်တော့စက္ကန့်တိုင်းတန်ဖိုးရှိစေဖို့ လုပ်သင့်လုပ်ထိုက်တာလေးတွေ လုပ်လိုက်အုံးမယ်”ဆိုပြီး ဖုန်းချသွားတော့တယ်။
နိပါတ်တော်ထဲက သိကြားမင်းက သူ့ရဲ့သားငပျင်းသုသိမကိုပြောခဲ့တဲ့စကားလေးကို သူသတိရ နေမိတယ်။”ချစ်သား သုသိမ၊ ဒီလောကမှာ မလုပ်ဘဲနဲ့ ချမ်းသာတဲ့နေရာများရှိလို့ရှိရင် အဲဒီနေရာကို မင်းအရင် ဆုံးသွားလိုက်ပါ၊ ပြီးရင် ငါ့ကိုလည်း လာခေါ်လှည့်ပါ”တဲ့။ သုသိမနတ်သားရှာနေတဲ့လမ်းကြောင်းကို လူတိုင်း လိုက်ချင်ကြတာပေါ့။ တစ်စုံတစ်ခုကိုလိုချင်ရင် တစ်စုံတစ်ခုကိုတော့ပေးဆပ်ရမှာပဲ။ ကိုယ်ကမပေးဘဲနဲ့ တော့ ဘယ်အရာကိုမှမျှော်လင့်လို့မရပါဘူး။ သရက်ပင်စိုက်ရင် သရက်သီးစားရမယ်-ဆိုတဲ့သီဝရီတစ်ခုလို ကိုယ်ဘယ်လောက်ထိပေးလိုနိုင်သလဲဆိုတဲ့ အချက်အပေါ်မှာမူတည်ပြီး ကိုယ်ရလာမှာပါ။ တဒင်္ဂဖြစ်ပေါ်လာတဲ့ ဆန္ဒတစ်ခုကိုအခြေခံပြီး အရူးတစ်ယောက်နှယ်လိုက်လုပ်နေခဲ့မယ်ဆိုရင်တော့မှောင်မိုက်မှာလောင်မြိုက်နေရုံက လွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
သူဟာ သူ့ကိုယ်သူ လူညံ့တစ်ယောက်ပါလို့တော့ မသတ်မှတ်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှ အထင်မကြီးခဲ့ သလို သူ့ကိုယ်သူလည်း အထင်မကြီးဘူး၊ ဘယ်သူ့ကိုမှအထင်မသေးဝံ့သလို သူ့ကိုယ်သူလည်း အထင်မသေး ပါဘူး။ ”မင်းဘက်ကကြည့်တော့ လက်ဖ၀ါး၊ ငါ့ဘက်ကကြည့်တော့ လက်ဖမိုး” ။ ကဲ… ဘယ်သူမှားတယ်လို့ ပြောမလဲ။ လုပ်စရာရှိတာကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့လိုတာပဲ။ ဒါ အမှန်တရားပဲလေ။ သူဟာ ဦးတည်ရာမဲ့လွင့်မျောနေတဲ့သူ့ရဲ့အတွေးတွေကို ထိန်းချုပ်လိုက်ပါတယ်။ အတွေးဟာ နည်းပြအဆင့်ပဲရှိတယ်။ ကစားသမားတစ်ယောက်မဟုတ်ဘူး။ နည်းပြရဲ့ထိန်းချုပ်မှုလမ်းကြောအတိုင်း လိုက်လျောညီထွေ လုပ်ဆောင်မှသာအောင်မြင်တဲ့ ဘ၀တစ်ခုကို ဆုပ်ကိုင်နိုင်မှာဖြစ်တယ်။ အတွေးဆိုတာ တကယ်တော့ သူ့ရဲ့အနာဂတ် ပုံရိပ်ကို ကြိုတင်ပြင်ဆင်ထားလိုက်ခြင်းပါပဲ။ ဒါ့ကြောင့် သူဟာ လက်တွေ့မဖြစ်သေးတဲ့ အတွေးတွေကို အကောင်အထည်ဖေါ်နိုင်ဖို့၊ အမေမျှော်မှန်းတဲ့ သားကောင်းတစ်ယောက်ဖြစ်ဖို့၊ အဖေမျှော်လင့်တဲ့ အရေးပါတဲ့သူတစ်ယောက်ဖြစ်ဖို့၊စိတ်ကူးရင်း စာအုပ်တစ်ချို့ကိုပွေ့ပိုက်ပြီး ဆန်းသစ်တဲ့ ခြေလှမ်းတွေနဲ့စာကြည့်တိုက်ဆီဦးတည်နေတဲ့သူ့ရဲ့စိတ်တွေဟာ လွတ်လပ်ပေါ့ပါးနေပါတော့တယ်။

No comments:

Post a Comment