ရွှေ, ငွေ ကျောက်တန် ပတ္တမြားတို့မည်သည် ပင်ကိုယ်သဘောဘဘာဝများအရ မြေကြီး အတွင်းမှာပင်လျှင် ပေါက်ဖွားရိုးထုံးစံရှိပြီး ယင်းမြေကြီးရဲ့အတွင်းထဲမှာပဲ နေလေ့နေထရှိတဲ့ သဘာဝကို စိုးမိုးပိုင်ဆိုင်ထားတယ်ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေလည်း သိထားနှင့်လောက်ပြီလို့ ယုံကြည် ပါတယ်။ မြေကြီးအတွင်းမှာ အောင်းနေ ရှိနေ တည်နေတယ်လို့ ဆိုလင့်သော်လည်း အပေါ်မြေလွှာတို့ မြေရိုင်းတို့မှာရယ် လူများတဲ့နေရာမှာရယ် ရှိမနေတတ်ပါဘူး။ သူတို့တည်ရှိလေ့ရှိတဲ့ နေရာမျိုးဟာ တစ် ကယ်လည်း နက်ရိုင်းပြီး တူးရခက်တဲ့နေရာမျိုးလည်းဖြစ်သလို လူသူနဲ့ ကင်းဝေးတဲ့နေရာလည်း ဖြစ်နေ တတ်ပါတယ်။ ဒါတွေအားလုံးဟာဖြင့် သူ့ရဲ့သဘာဝလေးကို အကြမ်းဖျင်း မြည်းစမ်းပေးရုံလေးနော်။ လူတွေဟာ ဆန်းတော့ ဆန်းသားပဲ။ ဒီလောက်နက်ရိုင်းပြီး တည်ရှိနေတဲ့ ထိုအရာလေးတွေကို မရမက ကြံ ဖန်ထုတ်ယူပြီးတော့ ထို ရွှေ ငွေ ကျောက်တန် ပတ္တမြားစတဲ့ သက်မဲ့အရာဝတ္ထုတွေကို လောကီရတနာ ရယ်လို့ အမွှမ်းတင် ခေါ်ဝေါ်သတ်မှတ်ကြပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဖြင့် ထိုအရာဝတ္ထုလေးကို မိမိ လက်ဝယ်မှာ ပိုင်ဆိုင်ထားမယ်ဆိုလျှင် လူတွေကို အေးချမ်းစေမယ် ငြိမ်းချမ်းစေမယ် ဂုဏ်ရှိစေမယ် ကျက် သရေတွေတိုးစေမယ် စီးပွါးရေးဖွံ့ဖြိုးစေမယ် နှစ်သက်စေတယ်ပေါ့။ နိုင်ငံကပိုင်ဆိုင်လျှင်လည်း မိမိနိုင်ငံ ဖွံဖြိုးမယ် တည်ငြိမ်မယ် အေးချမ်းမယ် သာယာဝပြောမယ် စသည်စသည်ဖြင့် အမျိုးမျိုးပေါ့လေ။
ထိုကဲ့သို့သော ၀ိဝါဒ အယူအဆလွမ်းမိုးမှုကြောင့် လူတွေဟာ လိုက်ရှာလာကြတယ် တူးလာကြတယ် ကျင်လာကြတယ်လေ။ ထိုသက်မဲ့ အရာဝတ္ထုလေးတွေကို လူတွေအသုံးပြုနေတယ်ဆိုတာသိလို့မှာပါနော်။ ထိုအရာဝတ္ထုကိုပဲ လူတွေက တန်းဖိုးမြင့်မားစွာ ပေးပြီး ၀ယ်ကြ လည်းကြ လုကြယူကြနဲ့ ပိုင်ဆိုင်ဖို့အရေးကိုနော်။ နောက်ပြီးတော့ ပိုင်ဆိုင်လိုက်ပြီဆိုတာနဲ့တင်မကသေးပါ အလေးအမြတ်တန်ဖိုး ထား ကြတာလည်းပါသေးတယ်။ အဲဒီသက်မဲ့ဝတ္ထုလေးကို လူတွေက မြင်ရခဲးလို့ တွေ့ရခဲးလို့ ကြုံရခဲးလို့ ပိုင်ဆိုင်ခဲးလို့ဆိုပြီး လောကီလူသားအဖို့ ခဲးတာကိုအစွဲပြုပြီး ရတနာလို့ ခေါ်တာနေမှာပါနော်။ အဲဒီရတနာ တွေကို ဒို့မြန်မာနိုင်ငံမှာတင် အသုံးပြုပိုင်ဆိုင်ချင်ကြမဟုတ်သေးဘူး။ ကမ္ဘာ့တစ်ဝှမ်းလုံးမှာရှိတဲ့ လူသန်း ပေါင်းမြောက်များစွာကလည်း ပျမ်းမျှအားဖြင့် သူသူငါငါ တွင်တွင်ကျယ်ကျယ်ကြီးဖြစ်အောင် သုံးဆောင် ကြ ကိုင်ကြ တွယ်ကြ ဆွဲကြ ချိတ်ကြနဲ့ နားရွက်ကနေစပြီး ခြေဖ၀ါးတိုင်ပါပဲဗျာ။ ပန်းထိမ်ဆရာတွေ ကလည်း ထောင်းကြ ထုကြ ကျစ်ကြ လိမ်ကြသေးတယ်။ မြေကြီးထဲမှာ အောင်းလေ့အောင်းထ နေလေ့နေထရှိတဲ့ သူတို့ရဲ့ပင်ကိုယ်သဘာဝလေးကို ဘာကြောင့်များ မရမကတူးပြီး ဘာပြုလို့ လောကီရ တနာရယ်လို့ သတ်မှတ်ခေါ်ဝေါ်ကာ နားမှာကော လည်ပင်းမှာကော လက်မှာကော ခြေထောက်မှာကော တစ်ချို့တစ်ချို့လူနည်းစုကျတော့ဖြင့် ခေါင်းပေါ်မှာတောင် ထိုးထားပါသေးတယ်။ ကံကောင်းတာတစ်ခု ဆိုလို့ ဘယ်သူ့ဘယ်သူမှ ခေါင်းထဲမှာ မထည့်မိကြတာပါပဲလေ။ သက်မဲ့ဖြစ်တဲ့ လောကီရွှေ ငွေ ရတနာတွေ ကို ခေါင်းထဲမှာ သွားပြီးထည့်မှားမိလျှင်တော့ ဆံပင်ပါ ကျွတ်ထွက်ရုံတင်ဘယ်ကလိမ့်မှာလဲ ခေါင်းပါပြုတ် သွားနိုင်တယ်။ ဒါမျိုးကြပြန်တော့လည်း လူတွေက တော်သား သိတတ်သားပဲ မဆိုးသေးပါဘူးလို့ ဆိုရလေ မလားပဲ။ ဒါနဲ့ဗျာ ရွှေ ငွေစတဲ့ရတနာတွေကို ထုတ်ယူအသုံးပြုဖို့ဆိုတာ လက်ဗလာစီယာ လွယ်လွယ်နဲ့ ကောက်ယူလို့မှမရတာ ဓားတွေ ပေါက်တူးတွေ တူရွင်းတွေ ပေါက်ချွန်း တူးစရာလက်ကြိယာအစုံအလင် မြေကော်ကား ကရိန်းကား စသည်စသည်မျှမကျန် နောက်ထပ်လူအင်အားလည်းသုံးပြီးမှ လုပ်ဆောင်လို့ ရတာကောနော်။ ရွှေ ငွေတွေကို သုံးရဖို့အရေး ရတက်မအေး သည်မျှလေးတင် မကသေးပါ မြေကြီးဟာ လည်း အပေါ်ပို့လိုက် အောက်ကိုပို့လိုက် ထိုးလိုက် ကော်လိုက် ဖျော်လိုက် ကျင်းလိုက်နဲ့ သူလည်း အလူး အလဲခံရတာပါပဲ။ အဲဒါတွေကို ထုတ်သုံးတာကိုက ဘယ်လောက်အပျက်အစီးများသလဲဆိုတာကိုပဲ စဉ်းစား ကြည့်လိုက်တော့ဗျာ။ မြေကြီးတင်ပဲ ပြီးသလားဆိုတော့ မဟုတ်သေးပြန်ဘူးတဲ့။ ဟော မြေကြီးရဲ့ အကျိုး ကျေးဇူးများပုံက ရွှေ ငွေတွေလောက်ကိုသာ သိုထားတာလေးနဲ့တင် ဘယ်ကဦးမှာလဲ သူ့ပေါ်မှာ မှီတည်နေတဲ့ တော တောင်သစ်ပင်စတာတွေကိုလည်းပဲ လန်းဆန်း ရှင်သန်နိုင်စေဖို့ကိုလည်း ထောက်ပံ့ ပေးရသေးတယ်လေ။ တော တောင် သစ်ပင်စတာတွေအားလုံးကို ခုတ်ဖြတ် ဖျက်ဆီး သုတ်သင်ပြီးမှ မြေကြီးကို တူးလို့ရမှာလေ။ အရင်ဆုံးခုတ်ဖြတ် ဖျက်ဆီးခြင်းမပြုဘဲနဲ့ မြေကြီးကိုသွားတူးမိလျှင်ဖြင့် ရွှေ ငွေတွေနဲ့အတူ သွားပြီး နစ်နေမှာ သိပ်သေချာတာပေါ့ ။ ဒါပေမဲ့ဗျာ သိကြတာကိုပဲ ကျေးဇူးတင် လို့မဆုံးပါဘူး။ ဒါကြောင့်မို့လို့လဲ တော တောင် သစ်ပင်စတာတွေကို အရင်ဦးဆုံး သုတ်သင်ရှင်းလင်းလို့ ပြီးဆုံးမှသာ မြေကြီးဇာတ်လမ်းက စလို့ရမှာလေနော်။ ဟော လာတော့မယ် နောက်ဆက်တွဲ ရလဒ်တွေ။ သဘာဝတရားဆိုတာ တစ်ခုတည်းသာ တည်ရှိနေတာမဟုတ်ပါဘူး။ အပြန်အလှန် တစ်ခုနဲ့တစ်ခု အတူယှဉ်တွဲ မခွဲစတမ်းနဲ့တွေပါ။ မြေ တော တောင် သယံဇာတ သဘာဝတရားတွေ ပျက်စီးလာတာနဲ့အမျှ ချက်ချင်းလက်ငင်းဆိုသလိုပဲ ၀ုန်းဒိုင်းနဲ့ ကျန်တဲ့ရေတွေ လေတွေ မီးတွေကော အငြိမ်နေပါ့မှာလား။ သဘာဝတရားတွေ အရမ်းကိုဆန်းကြယ်ပြီး ရိုင်းပင်းကူညီတတ်တဲ့ ဓလေ့ထုံတမ်းကို အခိုင်အမာ ရပ်တည်နေကြတယ်လေ။ ဒါကို ကြိုမမြင်လျှင်တော့ နားထင်ကို အအုပ်ခံရပြီး ပြားပြားမှောက်လိမ့်မယ် ကိုယ့်လူရေ။ ဦးဆုံး မြေ တော တောင်တွေ ဖျက်ဆီးခံလိုက်ရတာကို သူရဲ့မဟာမိတ်ဖြစ်တဲ့ ရေကကော အငြိမ်နေခဲ့လား။ ဝေလာဝေးပေါ့။ ဒီလိုနဲ့ ရေကအရင်ဦးဆုံးမဟာဗျူဟာခင်းပြီးတော့ စစ်ဆင်လိုက်တာ လေတပ်လည်း ထပ်ကြပ်မကွာဆိုသလိုပဲ စစ်ကူလိုက်လာလျှက် မီးတပ်ဆိုတဲ့ ရိပ်ခါလေးနဲ့ ထပ်ဖြည့်လိုက် ပြန်တော့ ဘာပြောကောင်းမှာလဲ ထိုင်ပြီးတော့ ကန်တော့လို့တောင် မရတဲ့ဘ၀ထိ ရောက်သွားကြကုန် တယ် မို့လား ။ သဘာဝတရားက ဒီလောက်ဒဏ်ခတ်ပေးလိုက်တာတောင်မှ မာန်ထောင်တာ တစ်ပြားမှကို မလျော့သေးတာကို အံ့သြလို့မဆုံးဘူးလို့ ပြောရမှာလားပဲ။
´´ နိုင်ငံတော်ကျက်သဆောင် ရေမြေတော တောင်ရှိမှ တင့်တယ်လှ ´´
´´ သာသနာ့ကျက်သရေဆောင် ၀ိနည်းအောင်မှ တင့်တယ်လှ´´
´´ လူထုကျက်သရေဆောင် မင်းကျင့်ညီအောင်နေမှ တင့်တယ်လှ ´´ ဆိုတဲ့
အဆိုကြမ်းလေးဟာလည်း ဆင်ခြေနဲ့ ဆိတ်သရေလုပ်လိုက်ပြီထင်ပါရဲ့။
ကဲဗျာ အဲဒါတွေ ထားလိုက်ပါဦး ။ စကားပြန်ဆက်ကြရအောင် ။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ခြုံငုံသုံး သပ်ပြီးတော့ အကြောင်းရင်းတရား မြစ်ဖြားခံကြည့်လိုက်မယ်ဆိုလျှင်တော့ဖြင့် လိုအပ်သည့်အတိုင်းအ တာထက်ပိုအောင် လူတွေက မြေကြီးထဲမှာ နေလေ့နေထရှိတဲ့ ရွှေ ငွေ သဘာဝတွေကို ထုတ်သုံးတာများ လို့ပဲဖြစ်မယ် ထင်ပါတယ်။ နောက်ဆုံးမှာကြားလိုတာတော့ဖြင့် ပြည်နိုင်ငံတစ်ဝှမ်း စိမ်းစိုပြေ အေးငြိမ်း ချမ်းသာစေဖို့ ဘာကို အကျိုးမရှိပဲ မသုံးမိစေဖို့ရယ်ပါ။ သဘာဝတရားတွေ စိမ်းလန်းစိုပြေ အေးချမ်းစေဖို့ ´´ ရွှေ´´ ကို ထုတ်သုံး တော တောင်ပြုန်းဆိုတဲ့ ဆောင်းပါးလေးကို ဖန်တီးရင်း အလင်းတန်းကို ရောက်စေလိုလျှက်-----------------
No comments:
Post a Comment